Sunday, May 25, 2014

မြန်မာပြည်မှာ အပြောင်းအလဲကြီးတွေ ဖြစ်နေပြီ?


"လာဘ်ပေးလာဘ်ယူမှု၊ လူကြီးနဲ့ကပ်ပြီး အခွင့်အရေးယူမှုတွေ အမြစ်တွယ်နေတဲ့ စနစ်ဆိုးကို ဆန့်ကျင်ခဲ့တဲ့ ကျွန်မက လူကြီးနဲ့ ကပ်ပြီးမှ ကျွန်မရဲ့ ကိုယ်ပိုင်စာအုပ်တွေကို ထုတ်ယူခွင့်ရမယ်တဲ့လား။ ဒါကို ကျွန်မ လက်မခံနိုင်ပါ"

ပြည်ပခရီးတခုကပြန်လာတဲ့ဦးသိန်းစိန်ကို ကြိုဆိုနေသူတဦး (ဓာတ်ပုံ - ဧရာဝတီ)
အွန်လိုင်းမှာ တွေ့ရတဲ့ ဒေါ်ခင်မမမျိုးရဲ့ အတွေ့အကြုံနဲ့ အတွေးအမြင်ဆိုင်ရာ ရေးသားချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။
တခုခုတော့ လွဲနေပြီ။

မြန်မာ့နိုင်ငံရေး အကူးအပြောင်းချိန် (မှတ်ချက်။ ဒီမိုကရေစီ အသွင်ကူးပြောင်းချိန် လို့ ကျွန်မ မရေးပါ) မှာ ပြည်ပရောက် မြန်မာတော်တော်များများ မြန်မာပြည်ကို ပြန်လာခဲ့ကြပါတယ်။ ကျယ်ကျယ်လောင်လောင်လာသူများလဲရှိသလို၊ အသံတိတ် ၀င်လာသူများလဲ ရှိပါတယ်။

ဒီအထဲမှာ အချို့က သက်ဆိုင်ရာနိုင်ငံအလိုက် နိုင်ငံသားခံယူထားတဲ့အတွက် မြန်မာသံရုံးတွေမှာ ဗီဇာလျှောက်ပြီး၊ ဗီဇာနဲ့ လာကြပါတယ်။ နိုင်ငံသားမခံထားသူများကျတော့ သံရုံးတွေမှာ ပြည်တွင်းပြန်လာဖို့ လျှောက်ကြရပါတယ်။ အခြားသူများတော့မသိ။ ကျွန်မတော့ တနှစ်လောက်ကြာပြီးမှ ပြည်တွင်းပြန်ရောက်ပါတယ်။

ဒီလိုနဲ့ ပုံစံအသီးသီးနဲ့ ပြည်တွင်းကိုရောက်လာပြီးချိန်မှာ အချို့ကလဲ အလည်သက်သက်၊ အချို့ကလဲ မီဒီယာ၊ အချို့ကလဲ ပါတီနိုင်ငံရေး၊ အချို့ကလဲ သုတေသန၊ အချို့ကလဲ သင်တန်းများပေးခြင်း၊ အချို့ကလဲ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသဖြင့် ကိုယ်သန်ရာ ကဏ္ဍအသီးသီးကို ရောက်သွားကြပါတယ်။

ဒီကြားထဲမှာ လှုပ်ရှားမှုတွေပေါ် မူတည်ပြီး စရဖများလိုက်လံမေးမြန်းခြင်း၊ အက်စ်ဘီများက မေးမြန်းခြင်း၊ အခန့်မသင့်ရင် ထိသလို၊ ရိသလိုနဲ့ မသိမသာခြိမ်းချောက်ခြင်း စတာတွေကို ကြုံကြရပေမယ့် ရှေ့အလုပ်တွေကိုပဲ အာရုံစိုက်လိုတာကြောင့် ကြိတ်မှိတ်သည်းခံပြီး၊ ဆက်လုပ်နေကြရသူတွေ အများအပြားပါ။

ကျွန်မအနေနဲ့ သံရုံးကထုတ်ပေးလိုက်တဲ့ Travel certificate နဲ့ မြန်မာပြည်ကို တရားဝင် ပြန်လာတာဖြစ်ပေမယ့်၊ ယူကေကနေ shipping နဲ့ သယ်ဆောင်လာတဲ့ စာအုပ်တွေကိုကျတော့ ဆိပ်ကမ်းမှာ ထုတ်ယူခွင့် မရခဲ့ပါဘူး။ မြန်မာပြည်ပြန်ဝင်တဲ့ ပတ်စ်ပို့ မပြနိုင်လို့တဲ့။ ရန်ကုန်လေဆိပ်မှာကတည်းက တခါဝင်သုံးဖို့ထုတ်ထားပေးတာဆိုပြီး၊ travel certificate ကို သိမ်းလိုက်ပြီးမှတော့ ဘာကိုကျွန်မ သွားပြနိုင်မှာတဲ့လဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မမျက်စိမှိတ်ပြီး သည်းခံလိုက်ပါတယ်။ လူကြီးတယောက်ယောက်ရဲ့ စာပါလာရင် လက်ခံမယ်ဆိုတဲ့ စကားဦးသန်းဖိတ်ခေါ်မှုကို လျစ်လျူရှုလိုက်ပါတယ်။ လာဘ်ပေးလာဘ်ယူမှု၊ လူကြီးနဲ့ကပ်ပြီး အခွင့်အရေးယူမှုတွေ အမြစ်တွယ်နေတဲ့ စနစ်ဆိုးကို ဆန့်ကျင်ခဲ့တဲ့ ကျွန်မက လူကြီးနဲ့ ကပ်ပြီးမှ ကျွန်မရဲ့ ကိုယ်ပိုင်စာအုပ်တွေကို ထုတ်ယူခွင့်ရမယ်တဲ့လား။ ဒါကို ကျွန်မ လက်မခံနိုင်ပါ။

နောက်တခေါက်ကျတော့ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ်မှာ နှစ်စဉ်နှစ်တိုင်း ကျွန်မသွားပြီး၊ စာတမ်းဖတ်နေကျ ကွန်ဖရင့်တခုက ဖိတ်ကြားစာ ရောက်လာပြန်ပါတယ်။ ခေတ္တသွားဖို့ ရည်ရွယ်ပြီး၊ ပတ်စ်ပို့လျှောက်ဖို့ ကြိုးစားပြန်တော့၊ ပုံမှန်လမ်းကြောင်းဆို မရနိုင်ဘူးတဲ့။ ကျွန်မကေ့စ်က သာမန်မဟုတ်ပြန်ဘူးတဲ့။ လူကြီးတယောက်ယောက်ကို ပြောကြည့်ပါလားတဲ့။ ကျွန်မရဲ့မူနဲ့ မကိုက်ညီလို့ ဒီတခါလဲ လက်လွှတ်လိုက်ရပြန်တယ်။

တကယ်တော့ ဒါတွေကို ထုတ်ဖော်မရေးချင်ပါ။ နစ်နာမှုဆိုတာထက် ကိုယ့်ရဲ့ ရွေးချယ်မှုလို့ပဲ သတ်မှတ်လိုက်ပါတယ်။

ဒါပေမယ့် ပြည်ပမှ ပြန်ဝင်လာပြီး၊ ဗီဇာနဲ့ နေသူများကို သက်တမ်းဆက်မတိုးပေးပဲ ပြည်ပပြန်ခိုင်းတာတွေ၊ ပြည်တွင်းမှ အချို့ကို ပြည်ပထွက်ခွင့် ပိတ်လာတာတွေ ပေါ်ထွက်လာတော့ နိုင်ငံရေးအကူးအပြောင်း လုပ်နေပါတယ်ဆိုတဲ့ အစိုးရရဲ့ သဘောထားတွေကို နားမလည်ဖြစ်လာမိတာတော့ အမှန်ပဲမို့ ပြည်တွင်းပြန်လာကြသူများရဲ့ အခြေအနေတွေကို သိရှိအောင် ရေးသားလိုက်ခြင်းသာ ဖြစ်ပါတယ်။ တခုခုတော့ လွဲနေတယ်ရှင်။

ခင်မမမျိုး (၂၄။၅။၂၀၁၄)

 

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons