ယခုနှစ်တွင် ရွှေဈေးနှုန်းများ မြင့်တက်နိုင်သည်ဟု ဈေးကွက်ကျွမ်းကျင်သူ လုပ်ငန်းရှင်များက ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ခန့်မှန်းခဲ့ကြသော်လည်း အကျဘက်ကိုသာ ဆက်လက်သွားနေဆဲဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူ လုပ်ငန်းရှင်အချို့ကဆိုသည်။
ရွှေဈေးနှုန်းများသည် ကျပ်ခုနစ်သိန်းအထိ ရောက်ရှိရန်ပင် မဖြစ်နိုင်သေးဘဲ ဈေးဆက်အေးနိုင်သော အနေအထားတွင် ရှိနေကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။
‘‘အခုဈေးကွက်အတိုင်းဆို ရွှေဈေးက အများကြီးတက်လာနိုင်ချေ မရှိသေးဘူး။ ဒီထက် ဆက်မအေးရင်တောင် ဒီဈေးလောက်မှာပဲ ရှိနေဦးမှာ’’ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ကမ္ဘာ့ရွှေဈေးနှုန်းမှာလည်း တစ်အောင်စလျှင် ၁၃၀၀ ဒေါ်လာဝန်းကျင်ခန့်တွင် ဒေါ်လာ ၂၀ ခန့်သာ အတက်အကျဖြစ်နေသည်။ ထို့ကြောင့် ပြည်တွင်းရွှေဈေးနှုန်းများမှာလည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၆၆၅,၀၀၀ ၀န်းကျင်တွင်သာ ဈေးငြိမ်နေခဲ့သည်။
လတ်တလောတွင် ရွှေဝယ်စုထားသူ အများစုမှာ ဈေးဆက်အေးနိုင်သည်ဟူသော ခန့်မှန်းချက်များဖြင့် ပြန်ရောင်းခဲ့ကြသဖြင့် ဈေးကွက်၌ ပြန်ရောင်းအားများပြီး ၀ယ်လိုအားကျဆင်းနေကြောင်း အပိုင်းဈေးကွက်မှ ရွှေကုန်သည်များက ပြောသည်။
‘‘ဆိုင်တွေမှာလည်း ဒီရက်ပိုင်းက အ၀ယ်ထက် ပြန်ရောင်းတာက များနေတယ်။ ကမ္ဘာ့ဈေးက အကျဘက်ကို သွားနေတော့ ဆက်အေးဦးမယ်။ မှန်းပြီးထုတ်ကြတာလည်းပါတယ်’’ဟု ရွှေဆိုင်လုပ်ငန်းလုပ်ကိုင်နေသူက ဆိုသည်။
မေလ ၁၉ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် ၁၃၀၀ ဒေါ်လာဝန်းကျင်တွင် ရှိနေသဖြင့် ပြည်တွင်းရွှေဈေးနှုန်းများမှာလည်း တစ်ကျပ်သားလျှင် ကျပ် ၆၆၂,၀၀၀ ခန့်တွင် ရှိနေသည်။

0 မှတ်ချက်ပေးရန်:
Post a Comment