Tuesday, June 3, 2014

ခရီးသွားဘလော့ဂါတစ်ဦး ရီယိုဒီဂျနေးရိုးမြို့ရှိ ခရစ်တော်ရုပ်တုပေါ်တက် ဓာတ်ပုံရိုက်





ရီယိုဒီဂျနေးရိုး- Flash Pack အမည်ဖြင့် အင်တာနက်ခရီးသွား ဘလော့ဂ်စာမျက်နှာတစ်ခု ဖွင့်ထားသည့် သွမ်ဆင်ဆိုသူသည် ကမ္ဘာ့ဖလားပွဲအတွက် ပြင်ဆင်ရန် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့သို့ သွားရောက်စဉ် Christ the Re deemer ရုပ်တုပေါ်သို့တက်၍ မိမိကိုယ်ကိုယ် ဓာတ်ပုံရိုက်ကူးခဲ့သည်။
သွမ်ဆင်သည် ၁၂၄ ပေမြင့်သော ခရစ်တော်ရုပ်တုပေါ်သို့ တက်ရန် ဘရာဇီးနိုင်ငံ ကမ္ဘာလှည့်ခရီးသွားဘုတ်အဖွဲ့၏ ခွင့်ပြုချက် ရယူခဲ့ပြီး ကြိုးချည်ကြိုးဖြုတ် ကျွမ်းကျင်သူနှစ်ဦး၏ အကူအညီဖြင့် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
ရုပ်တုပေါ်သို့ မိနစ် ၂၀ ခန့် တက်ခဲ့ရပြီး ရုပ်တု၏ ရင်ဘတ်နားသို့ ရောက်လာခဲ့ပြီးနောက် ရုပ်တု၏ပခုံးပေါ်မှတစ်ဆင့် နောက်ဆုံးတွင် ရုပ်တု၏ ဦးခေါင်းပေါ်သို့ တက်ရောက်နိုင်ခဲ့သည်ဟု သွမ်ဆင်က Flash Pack ဘလော့ဂ်စာမျက်နှာတွင် ရေးသားထားသည်။
မိမိရိုက်ကူးမှတ်တမ်းတင်ခဲ့သော ဓာတ်ပုံများမှာ အသက်ရှူမှားလောက်သည်ဟု သွမ်ဆင်က ပြောသည်။
ရုပ်တု၏ ထိပ်ဖျားမှနေ၍ သွမ်ဆင်ရိုက်ကူးခဲ့သည့် ဗီဒီယိုဖိုင်ကို ယူကျုဘ့်ဝက်ဘ်ဆိုက်တွင်တင်ထားကြောင်း သိရသည်။
__Ref : AFP

Monday, June 2, 2014

အလုပ်ရှင်ကို အရေးယူရန်အတွက် ဥပဒေပြင်ဆင်ချက် လွှတ်တော်သို့ ပိုဆောင်ထားဟု ဒုဝန်ကြီးဆို


နေပြည်တော်၊ မဇ္ဈိမ။           ။ ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကိုအတိုင်း မလိုက်နာသည့် စက်ရုံပိုင်ရှင်များနှင့် အလုပ်ရှင်များကို အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် အလုပ်သမားရေး အငြင်းပွားမှုဖြေရှင်ရေး ဥပဒေကို ပြင်ဆင်ရန် လွှတ်တော်သို့ တင်ပြထားပြီးဖြစ်သည်ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က မဇ္ဈိမကိုပြောသည်။
"ခုံသမာဓိက ဆုံးဖြတ်လိုက်တာကို မလုပ်တဲ့ အလုပ်ရှင်တွေကို အရေးယူတော့မှာပါ။ အရေးယူနိုင်တဲ့ ဥပဒေကို ပြင်ဖို့ လွှတ်တော်ကို တင်ထားတယ်။ လွှတ်တော်ကဆုံးဖြတ်ပြီး လုပ်မှာပါ။ မလိုက်နာရင် အရေးယူမှာပါ” ဒုတိယဝန်ကြီး ဦးထင်အောင်ကပြောသည်။
အလုပ်သမားရေးရာ အငြင်ပွားမှု ဖြန်ဖြေရေးဥပဒေတွင် အလုပ်ရှင်ကို အရေးယူနိုင်သည့် ပုဒ်မများ ထည့်သွင်းထားခြင်းမရှိပေ။ ခုံသမာဓိက အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက် ပေးလိုက်လျှင်လည်း အလုပ်သမားများကိုယ်စား မည်သည့်ဦးစီးဌာနက အရေးယူဆောင်ရွက်ပေးမည်ကို မသိရှိပေ။
အရေးယူဆောင်ရွက်ပေးနိုင်သော အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်ရုံ စက်ရုံစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားဆက်ဆံရေး ဦးစီးဌာနှင့် လူမှုဖူလုံးရေးဦးစီးဌာန လေးခုတွင်လည်း အရေးယူပေးရန် တိတိကျကျ ထုတ်ပြန်ထားခြင်း မရှိသလို မည်သည့် ဦးစီးဌာနက တာဝန်ယူမည်ကိုလည်း မသိရှိရဟု အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးဌေးက "ကျွန်တော်တို့ လိုက်ပေးနေတာ နှစ်မှုရှိတယ်။ တစ်ခုကတော့ အလုပ်ရှင်ကို အရေးယူဖို့ ခုံသမာဓိက မေ ၂၆ ရက်က ဆုံးဖြတ်လိုက်တယ်။ ဘယ်လိုအရေးယူပေးမလဲဆိုတော့ မသိရသေးဘူး။ မြန်မာယူနစ် အထည်ချူပ်စက်ရုံးကို အရေးယူဖို့ ဆုံးဖြတ်ပေးလိုက်တာ” ဟု ပြောသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးခုံသမာဓိက အလုပ်သမားအလုပ်ရှင် အငြင်းပွားမှုဖြစ်ပွားပြီး အလုပ်ထုတ် ခံရသည့် အလုပ်သမားများကို စက်ရုံပိုင်ရှင်များက ပြန်လည်ခန့်အပ်ရန် ဆုံးဖြတ်ချက် ချမှတ်ပေးသော်လည်း အလုပ်ရှင်များက လိုက်နာမှုမရှိပေ။
မြန်မာနိုင်ငံအလုပ်သမားသမ္မဂ္ဂ အဖွဲ့ချူပ်(ယာယီ)မှ ဥက္ကဋ္ဌ ဦးအောင်လင်းက "ခုံသမာဓိကို အလုပ်ရှင်ကမလာဘူးဆိုရင် အရေးယူလို့ရတယ်။ မြို့နယ်အလုပ်သမား စစ်ဆေးရေး အရာရှိတွေက အရေးယူပေးရမှာဖြစ်တယ်။ ဒါပေမယ့် သူတို့အရေးယူပေးမှုတွေ ပျက်ကွက်တယ်” ဟု မဇ္ဈိမကိုပြောသည်။
ခုံသမာဓိအဖွဲ့ကို သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်ရှိ အလုပ်သမားကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စားလှယ်၊ အစိုးရဝန်ကြီးဌာန ကိုယ်စားလှယ် အပါအဝင် ပညာများပါဝင်ကာ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေအရ တရားဝင် ဖွဲ့စည်းပေးခြင်းဖြစ်သည်။ ခုံသမာဓိ ကောင်စီကိုလည်း အထက်ပါအတိုင်း ဗဟိုအဆင့် ဖွဲ့စည်းပေးခြင်းဖြစ်သည်။

ကမ္ဘာ့ဖလား ဘောလုံးပွဲ ကိစ္စ စုံစမ်း

၂၀၂၂ ခုနှစ် ကာတာမှာ ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းခွင့် ရရေး ကိစ္စ စုံစမ်း စစ်ဆေးဖို့ ဖီဖာ ဘောလုံး အဖွဲ့ချုပ်က Michael Garcia ကို ခန့်အပ် ခဲ့ပြီး သူက တပတ် အတွင်း အထောက် အထား တွေ ပြီးအောင် ကောက် မယ်လို့ ပြောကြား လိုက်ပါတယ်။

ဗြိတိန်ထုတ် ဆန်ဒေး တိုင်းမ် သတင်းစာရဲ့ စွပ်စွဲမှုတွေ ပေါ်ထွက် လာပြီးနောက် ဒီလို စုံစမ်းဖို့ ခန့်အပ်ခဲ့တာ ဖြစ်ပြီး နောက်လမှာ အစီရင်ခံစာ တင်မယ်လို့လဲ Michael Garcia က ပြောပါတယ်။

သတင်းစာက တွေ့ရှိ ထားတဲ့ အထောက်အထား အချက်အလက် တချို့ကို ဖီဖာ ဘောလုံး အဖွဲ့ချုပ် စစ်ဆေးသူ တွေကို လွှဲပေးမယ်လို့ ဘီဘီစီက သိရှိ ထားပါတယ်။

ပွဲ ကျင်းပရေး ကိစ္စ နေရာ ပြန်ရွေးဖို့ ထိ တော့ စစ်ဆေးသူ တွေ ဘက်က မစွက်ဖက် နိုင်ပါဘူး။

ကာတာ ကမ္ဘာ့ဖလား ဖြစ်မြောက်ရေး ကော်မတီကတော့ သူတို့ ဘာ အမှားအယွင်း မှ မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ပုခက်လွှဲသော လက်ပိုင်ရှင် ယာဉ်နောက်လိုက်များ



မနီနီစိုး (ဓာတ်ပုံ - မြတ်စုမွန် / ဧရာဝတီ)
မနီနီစိုး (ဓာတ်ပုံ – မြတ်စုမွန် / ဧရာဝတီ)
ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတခုရဲ့ ပိုင်ရှင်ဟာ သူပိုင်ဆိုင်တဲ့ ယာဉ်လိုင်းမှာ အမျိုးသမီး ယာဉ်နောက်လိုက်တွေ အလုပ်ခန့်ထားဖို့ ဆိုတဲ့ စိတ်ကူးစိတ်သန်းကို ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးပတ်မှာ စတင် အကောင်အထည် ဖော်လိုက်ပါတယ်။
ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၄၀ဝ ဝန်းကျင်က ပိုင်ရှင်ပေါင်း များစွာထဲကမှ စွန့်ဦးတီထွင် လိုက်တဲ့ မှတ်တိုင်တခု လို့ ပြောရမှာပါ။
လက်ရှိမှာ အမျိုးသမီး ယာဉ်နောက်လိုက် ၁၃ ဦးကို အလုပ်ခန့်ထားတဲ့ သူ့ယာဉ်လိုင်းဟာ အများ ပြည်သူ အတွက် ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ရည်ရွယ်ထားတဲ့ အကြောင်း မ.ထ.သ ၄၈ အထူး ယာဉ်ပိုင်ရှင် ကိုတရုတ်လေးက ပြောပါတယ်။
ရန်ကုန်မြို့နေ လူထုအတွက် ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်တဲ့ မြို့တွင်း သယ်ယူပို့ဆောင်ရေး စနစ်တခု လိုအပ်လာတယ် လို့ သူစဉ်းစားမိတဲ့ အချိန်မှာ သူပိုင်ဆိုင်တဲ့ ယာဉ် ၁၃ စီးကို လေအေးပေးစက် ပါဝင်ပြီး အထူးကား ပီသတဲ့ ကားတွေ အဖြစ် စတင် ပြေးဆွဲခဲ့ရာက အခုလို အမျိုးသမီး ယာဉ်နောက်လိုက်တွေ ခန့်ထားမယ့် စိတ်ကူးကို ရခဲ့တာပါ။
“အဲဒီမှာ ချိုချိုသာသာပြောဆိုတဲ့ ယာဉ်လုပ်သားတွေ လိုအပ်လာတယ်၊ ကျနော် စဉ်းစားတယ်။ အမျိုးသမီးဆို ပိုအဆင်ပြေမယ် လို့၊ စကားပြောတာ မမာဘူး၊ စိတ်နေစိတ်ထားချင်းလည်း ကွာတယ်” လို့ ကိုတရုတ်လေးက သူ့ ယူဆချက်ကို ပြောပြပါတယ်။
အနည်းငယ် ပွယောင်းယောင်းဖြစ်နေတဲ့ ယာဉ်နောက်လိုက်ဝတ်စုံကို သွယ်လျလျ ခန္ဓာကိုယ်မှာ ကျကျနနဝတ်ဆင်ထားပြီး တက်ကြွ လန်းဆန်းနေတဲ့ အပြုံးတွေနဲ့ အတူ ခရီးသည်တွေကို ဝန်ဆောင်မှုပေးနေတဲ့ မဖြိုးအိဝေဟာ ဒီယာဉ်လိုင်းရဲ့ ပထမဆုံး အမျိုးသမီး ယာဉ်နောက်လိုက် ဖြစ်လာပါတယ်။
တနေ့မှာတော့ သမီးလေး ၂ ယောက်ရဲ့ မိခင်လည်းဖြစ်တဲ့ သူ့ဆီကို မိတ်ဆွေ ယာဉ်နောက်လိုက် တယောက်က “မိန်းကလေး စပယ်ယာတွေ ခေါ်နေတယ်” ဆိုတဲ့ သတင်းစကားကို ယူလာပေးပါတယ်။
“အဲဒါနဲ့ သူဌေးဆီကို ဖုန်းဆက်လိုက်တယ်၊ စပယ်ယာလိုရင် ခေါ်ပါဆိုပြီး ပြောတော့ အေး နင်မပူနဲ့လို့ ပြောတယ်၊ နောက်နေ့ကျတော့ အလုပ် သွားလျှောက်ပြီး ခန့်တာနဲ့ အိမ်မှာရှိတဲ့ ဝတ်စုံတွေ ဝတ်ပြီး အလုပ် သွားတော့တာပဲ” လို့ ၄၈ အထူးကား ယာဉ်မောင်း တဦးဖြစ်တဲ့ ခင်ပွန်းဖြစ်သူရဲ့ ဝတ်စုံကို ဝတ်ဆင်ထားတဲ့ သူက ဆိုပါတယ်။
ဒီအလုပ်က သူ့အတွက် ပထမဆုံး လုပ်ဖူးတဲ့ အလုပ်ဖြစ်ပေမယ့် ခင်ပွန်းဖြစ်သူ ယာဉ်မောင်းနဲ့အတူ မကြာခဏ ဆိုသလို လိုက်ဖူး တာ မို့ အလုပ်ရဲ့ သဘောတရားကို ကြိုတင် နားလည်ထားတာက သူ့အတွက်တော့ အားသာချက်လို့ ပြောရမှာပါ။
“လုပ်ရတာ ပျော်တယ်၊ အမျိုးသားနဲ့က အရင်ကဆို မတွေ့ရဘူး၊ သူက ကားမှာ အိပ်တာများတယ်၊ အခုကျတော့ လမ်းသွားနေရင်း သူနဲ့ကိုယ်နဲ့ တွေ့ရတယ်” လို့ သူက ရယ်ရယ်မောမော စကားဆိုပါတယ်။
မူကြို တက်တော့မယ့် သမီးအငယ်လေးနဲ့ မေရီ ချက်ပ်မင်း ဆွံ့အနားမကြား ကျောင်းမှာ ဒုတိယတန်း တက်နေတဲ့ သမီးအကြီးလေး ကိုတော့ အခကြေးငွေယူပြီး ထိန်းပေးတဲ့ ကလေးထိန်းအိမ်မှာ ထားခဲ့ရတယ်။ ကလေးထိန်းက ကျောင်းကြို၊ ကျောင်းပို့ လုပ်ပေး တာ၊ ကလေးတွေရဲ့ တကိုယ်ရေ သန့်ရှင်းရေး လုပ်ပေးတာ၊ ကလေးတွေကို အစားအစာ ကျွေးတာ ဆိုတဲ့ တာဝန်တွေကို ယူပေးပါတယ်။
မနက် ၅ နာရီ မတိုင်ခင်က အလုပ်ခွင် စဝင်ရပြီး ညဘက်မှာ ကားဆွဲရတဲ့ အခြေအနေပေါ် မူတည်ပြီး ည ၁၀ နာရီ နောက်ပိုင်းမှ အိမ်ပြန်ရောက်လေ့ ရှိလို့ တနေ့ကို ၁၅ နာရီလောက် အလုပ်လုပ်ရပါတယ်။
“အရင်ကတော့ ယောက်ျားရဲ့ ဝင်ငွေပဲရှိတယ်၊ သူကားပျက်တဲ့နေ့ဆို ဝင်ငွေနည်းတယ်၊ အခုတော့သူကား ပျက်ရင် ညီမဝင်ငွေ ရှိတယ်၊ ညီမကားပျက်တော့ သူ့ဝင်ငွေ နဲ့ပေါ့” လို့ မဖြိုးအိဝေက တည်ငြိမ်တဲ့ အမူအရာနဲ့ စကားဆိုပါတယ်။
အမျိုးသား ယာဉ်လုပ်သားတွေနဲ့ တန်းတူ အလုပ်လုပ်ရပေမယ့် သူ့အတွက် အခက်အခဲ မရှိဘူးလို့လည်း ပြောပါတယ်။
မဖြိုးအိဝေရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ၄၈ ယာဉ်မောင်း တဦးက “ကျနော်တော့ သူ့ကိုတော်တော် အံ့ဩတယ်၊ တော်တော် အလုပ် လုပ်နိုင်တဲ့ ကောင်မလေး၊ ယောက်ျားလေးတွေနဲ့ တန်းတူ လုပ်နေတာ မလွယ်ဘူး” လို့ ချီးကျူး စကားဆိုပါတယ်။
ဒီလို ငယ်ရွယ်တဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ယာဉ်နောက်လိုက်အဖြစ် တန်းတူ လုပ်ကိုင်လာတာကို သဘောကျတဲ့ အကြောင်း အသက် ၆၀ ဝန်းကျင်ရှိတဲ့ ဝါရင့် ယာဉ်မောင်းကြီး တဦးကလည်း ပြောပါတယ်။
“ပထမ အမျိုးသမီး စပယ်ယာတွေဆိုတော့ ခရီးသည်တွေ ကလည်း အမ်းတန်းတန်းပေါ့၊ လူငယ်လူရွယ်တွေ ဒီလို လုပ်တာကောင်း တယ်၊ လူအမျိုးမျိုးနဲ့ တွေ့ရတော့ ဗဟုသုတလည်း ရတယ်၊ လူတွေ အကြောင်းလည်း များများ သိရတာပေါ့” လို့ အသက် ၁၈ နှစ် အရွယ်လောက်ကတည်းက ယာဉ်မောင်းလုပ်လာတဲ့ သူက ဆိုပါတယ်။
အရင် ဆယ်စုနှစ် တခုကျော်က ရန်ကုန်မြို့တွင်း ခရီးသွား ယာဉ်လိုင်းတွေမှာ အခုလိုပဲ အမျိုးသမီး ယာဉ်နောက်လိုက်တွေ ခန့်ထားခဲ့ဖူးတာ ရှိတယ်လို့လည်း ၀ါရင့် ယာဉ်မောင်းကြီးက ပြောပါတယ်။
“အင်္ကျီအဖြူ ခါးတိုနဲ့ စကတ်အတို အပြာ ဝတ်ကြတယ်၊ နောက်ကျတော့ အဲဒီတုန်းက အဆိုတော် ပန်းတနော် စိုးသိမ်းက မိန်းကလေး စပယ်ယာတွေ ခါးပေါ်တာကို သီချင်းလုပ် ဆိုတော့ နောက်ပိုင်းမှာ ပြန်သုံးသပ်တယ်နဲ့ တူပါတယ်၊ အမျိုးသမီး  စပယ်ယာ တွေ မခန့်တော့ဘူး”လို့ သူက ရှင်းပြပါတယ်။
မဖြိုးအိဝေ (ဓာတ်ပုံ - မြတ်စုမွန် / ဧရာဝတီ)
မဖြိုးအိဝေ (ဓာတ်ပုံ – မြတ်စုမွန် / ဧရာဝတီ)
မဖြိုးအိဝေလိုပဲ နောက်ထပ် အမျိုးသမီး ယာဉ်နောက်လိုက်အလုပ်ကို ရွေးချယ်ခဲ့တဲ့ မနီနီစိုးကတော့ ဒီအလုပ်မတိုင်ခင် အထည်ချုပ် စက်ရုံ တခုမှာ စက်ကြီး ပန်းထိုး အလုပ်သမ တဦးအဖြစ် ၆ နှစ်ကြာ လုပ်ကိုင် ခဲ့ပါတယ်။
“ဒီအလုပ်က ထူးထူးဆန်းဆန်းမို့ လုပ်ချင်တာ။ ရပ်ကွက်ထဲက ကားမောင်းတဲ့အစ်ကိုကြီးက အလုပ်ခေါ်နေတယ်ဆိုပြီး ပြောလို့ သွား လျှောက်တော့ တခါတည်း အဆင်ပြေတယ်၊ ယောက်ျားလေးတွေက ညီမတို့ အလုပ် သွားလျှောက်တော့ အံ့ဩနေကြတာပေါ့” လို့ မနီနီစိုးက ပြောပါတယ်။
အမျိုးသားတွေနဲ့ တန်းတူ ရင်ပေါင်တန်းပြီး လုပ်ရတဲ့ အလုပ်ဖြစ်လို့ အလုပ် မဝင်ခင်မှာ ကိုယ့်ကိုယ်ကိုယ် လုပ်နိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်လေး ဝင်မိတယ်လို့ သူက ဖွင့်ဟ ပြောလာပါတယ်။
အမျိုးသမီး ယာဉ်နောက်လိုက်တွေဟာ ပိုက်ဆံကောက်ခံတဲ့ အလုပ်ကို တာဝန်ယူရပြီး အမျိုးသား ယာဉ်နောက်လိုက် တွေကတော့ မှတ်တိုင်တွေမှာ ခရီးသည် အော်ခေါ်ရတဲ့ အလုပ်ကို တာဝန်ယူရတဲ့ အတွက် အမျိုးသားတွေထက် စာရင် အလုပ် သက်သာ တယ် လို့ မနီနီစိုးက ပြောပါတယ်။
“ညနေဆို ကားအရမ်းကျပ်တယ်လေ၊ ပိုက်ဆံ စုံအောင်ကောက်နိုင်ပါ့မလား ပေါ့၊ နောက်ပြီး အလုပ်က မနက်အစောကြီး ထရတယ်၊ ညဆိုရင်လည်း ၁၀ နာရီ၊ ၁၁ နာရီမှ အိမ်ပြန် ရောက်တယ်၊ အချိန် အရမ်းပေးရတယ်၊ ခံနိုင်ရည်ရှိပါ့မလားလို့ တွေးမိတယ်၊ တော် သေးတယ်၊ လုပ်နိုင်သွားလို့” ဆိုပြီး သူက ဆက်ပြောတယ်။
သူ အလုပ်ဝင်စမှာ ခရီးသည်တွေရဲ့ အော်ငေါက် ပြောဆိုတာ ခံရဖူးပေမယ့် မိန်းကလေးဆိုတဲ့ စိတ်နဲ့ ရှက်ရွံ့တဲ့ စိတ်ကြောင့် ပြန်မပြောရဲခဲ့တာလည်း ကြုံခဲ့ရပါတယ် တဲ့။ မိန်းကလေး ယာဉ်နောက်လိုက်မို့ ကားခမပေးဘဲ စီးသွားတာတွေလည်း ကြုံခဲ့ရပေမယ့် နောက်ရက်တွေ မှာတော့ အဆင်ပြေသွားတယ် လို့ ဆိုပါတယ်။
အလုပ်ခွင်မှာ အမျိုးသမီးဖြစ်နေတဲ့ အတွက် ရပိုင်ခွင့်ကို လျှော့ပေးခံရတာမျိုး မရှိပါဘူး။ အထည် ချုပ်စက်ရုံမှာ လုပ်လို့ရတဲ့ ဝင်ငွေထက် အနည်းငယ်သာ ပိုများပြီး တနေကုန် အချိန်ပေးရတဲ့အလုပ် ဖြစ်ပေမယ့် ဒီအလုပ်ကို မနီနီစိုးက ပိုနှစ်သက်ပါတယ်။ ဒီအလုပ် မှာပဲ ခံနိုင်ရည် ရှိသလောက်၊ လုပ်နိုင်သလောက် ဆက်လုပ်သွား မယ်လို့ သူက ပြောပြတယ်။
“ဒီမှာက ရာခိုင်နှုန်းနဲ့ ရတယ်၊ တရက်ကို အနည်းဆုံး ၅ ထောင်လောက် ရတယ်၊ အထည်ချုပ်မှာက တလကို ၁ သိန်း ၃ သောင်း လောက်ရတယ်၊ သိပ်တော့ မကွာဘူး၊ ဒါပေမယ့် ထိုင်ရတာ ညောင်းနေပြီ၊ မလုပ်ချင်တော့ဘူး၊ လုပ်ခဲ့တာလည်း ကြာပြီ ဆိုတော့ လေ” လို့ သူက နှိုင်းယှဉ်ပြပါတယ်။
အသက် ၆၅ နှစ်အရွယ် အဘွား ဒေါ်သီတာက “ဒီနေ့ မြို့ထဲသွားတော့ ကားတစီးပေါ်မှာ မိန်းကလေး စပယ်ယာတွေ တွေ့ခဲ့တယ်၊ အဘွားကို လဲကျမှာစိုးလို့ သေသေချာချာ တွဲခေါ်ပေးတယ်၊ ကလေးမလေး ငယ်ငယ်လေး လုပ်နေတာ သဘောကျဖို့ ကောင်း တယ်” လို့ တအံ့တဩ ပြောပါတယ်။
လိုင်းကားစီးတိုင်း မြင်နေကျ အမျိုးသား ယာဉ် နောက်လိုက်နေရာမှာ အမျိုးသမီးတွေ ဝန်ဆောင်မှု ပေးနေတာ မြင်ရတော့ ခရီး သည် တွေရဲ့ မျက်နှာအမူအရာတွေက ပြုံးတုံ့တုံ့ဖြစ်ပြီး ရင်းနှီးဟန် ဖြစ်နေတာကို တွေ့ရပါတယ်။
“အစတုန်းက ပိုက်ဆံသွားကောက်တော့ ခရီးသည်တွေက အံ့ဩသွားတာ၊ ကိုယ့်ကို ပေးရမယ် ဆိုတာ မသိဘူးလေ၊ ယောက်ျားလေး စပယ်ယာကိုပဲ ပေးသွားကြတာ ရှိတယ်၊ တချို့ကတော့ ပြောင်သလို နောက်သလို လုပ်ချင်တယ်၊ အလုပ် လုပ်ရတာတော့ မရှက်ပါဘူး၊ မောင်း/ရောင်းတွေနဲ့လည်း မိသားစုတွေလိုပဲ ဆိုတော့ အဆင်ပြေတယ်” လို့ အမျိုးသမီး ယာဉ်နောက်လိုက် တဦးဖြစ်တဲ့ အသက် ၃၉ နှစ် အရွယ် မဆွေဇင်မြင့်က ဆိုပါတယ်။
မိန်းကလေး ပီပီသသ၊ နွဲ့နွဲ့နှောင်းနှောင်း အမူအရာနဲ့ သူက ဘဝမှာ ဒီလို ယာဉ်နောက်လိုက် တယောက် လုပ်ရမယ် ဆိုတာမျိုး တခါမှ မတွေးမိဘူး လို့ ရှက်နေတဲ့ အမူအရာနဲ့ စကားဆိုပါတယ်။
“တချို့က စပယ်ယာ လုပ်နေတယ် ဆိုတော့ နင် လုပ်နိုင်လို့လား လို့ မေးကြတယ်၊ အရင်က ဘာ အလုပ်မှ မလုပ်ခဲ့ဘူး၊ အခုကျတော့ တဖက်တလမ်းက ဝင်ငွေရအောင် မိန်းကလေး စပယ်ယာတွေခေါ်တယ် ဆိုတာနဲ့ လုပ်ကြည့်ချင်လို့ပါ၊ မလုပ်ခင်တုန်းက နည်းနည်း စိုးရိမ်ပေမယ့် အဆင်ပြေအောင်တော့ ဆက်ဆံပြော ဆိုပါတယ်” လို့ ကလေး ၃ ဦးရဲ့ မိခင်လည်းဖြစ်တဲ့ မဆွေဇင်မြင့်က ပြောပါတယ်။
သူ့ရဲ့ အမျိုးသားကလည်း ၄၈ အထူးယာဉ်လိုင်း ယာဉ်မောင်းတဦး ဖြစ်ပါတယ်။ အမျိုးသမီး ယာဉ်နောက်လိုက် အဖြစ် လျှောက်ကြ တဲ့ မိန်းကလေး အများစုကလည်း ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေရဲ့ ဆွေမျိုးသားချင်း တွေပါပဲ။
ဒီလို အမျိုးသမီး ယာဉ်နောက်လိုက် တွေကို ခန့်ထားတာဟာ ယာဉ်နောက်လိုက် ရှားပါးမှု ပြဿနာကိုလည်း ဖြေရှင်းနိုင်သလို တနေ့တာ ဝင်ငွေ အမှန်ကို ရနိုင်ပြီး ခရီးသည်တွေ ကိုလည်း ယဉ်ကျေးတဲ့ ပြောဆိုဆက်ဆံမှု တွေနဲ့ ဝန်ဆောင်ပေး နိုင်တယ်။ ယာဉ်စီးခပိုတောင်းလို့ ခရီးသည်တွေ စိတ် အနှောင့်အယှက် ဖြစ်ရတာ မရှိတော့ဘူး ဆိုတဲ့ အောင်မြင်မှုတွေ ရလာတဲ့အကြောင်း ၄၈ အထူး ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေးက ရှင်းပြပါတယ်။
“အမျိုးသမီးဆိုတော့ ယာဉ်စီးခ ပိုတောင်းတာ၊ ခရီးသည်တွေကို အော်တာ၊ မချေမငံ ဆက်ဆံတာ မရှိတော့ဘူး၊ ပြီးတော့ တနေ့တာ ဝင်ငွေအမှန်ကို ဖော်ပြနိုင်တယ်၊ ဝင်ငွေနည်းတဲ့ အမျိုးသမီးတွေ အတွက်လည်း ဒီအလုပ်က အဆင်ပြေမယ်” လို့ သူက ဆိုပါတယ်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ အခြားယာဉ်လိုင်း ပိုင်ရှင်တွေဟာ သူ့ရဲ့စွန့်ဦး လုပ်ဆောင်မှုကို စောင့်ကြည့်နေကြပြီး ဒီလို အစီအစဉ် မျိုး အကောင်အထည် ဖော်ချင်နေသူတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။
“ကျနော်ကတော့ အောင်မြင်အောင် လုပ်သွားမယ်၊ အမျိုးသမီး ယာဉ်နောက်လိုက်တွေ အတွက်လည်း ရပ်တည်နိုင်တဲ့ ဝင်ငွေရအောင် လုပ်ပေးမယ်၊ ဒီထက် ပိုအောင်မြင်အောင် လုပ်သွားမယ်၊ နောက်ထပ်လည်း အမျိုးသမီး စပယ်ယာတွေ ထပ်ခန့်သွားဖို့ ရှိတယ်” လို့ ကိုတရုတ်လေးက ပြောပါတယ်။
မရွှေစင်မြင့် (ဓာတ်ပုံ - မြတ်စုမွန် / ဧရာဝတီ)
မရွှေစင်မြင့် (ဓာတ်ပုံ – မြတ်စုမွန် / ဧရာဝတီ)
လိုင်းကားကို အားကိုးနေရတဲ့ ရန်ကုန်မြို့နေ လူထု နေ့စဉ် ရင်ဆိုင်နေရတဲ့ ယာဉ်လုပ်သားတွေရဲ့ ပြောဆို ဆက်ဆံမှုတွေ၊ ခရီးသည် နဲ့ ယာဉ်နောက်လိုက်အကြား ဆက်ဆံရေး မပြေလည်မှုတွေကို သူ့ရဲ့ အစီအစဉ်သစ်က ဖြေရှင်းပေးနိုင်ဖို့ သူကြိုးစားသွားမယ် လို့ ဆိုပါတယ်။
သူပိုင်ဆိုင်တဲ့ ယာဉ်လိုင်းမှာ အမျိုးသမီး ယာဉ်နောက်လိုက်တွေကို ခန့်ဖို့ ဆုံးဖြတ်ပြီးတဲ့အခါမှာ ကနဦး အစမ်းခန့် ကာလ အရင် သတ်မှတ် ပါတယ်။ ခရီးသည်တွေ လက်ခံနိုင်တယ်ဆိုတဲ့ အခြေအနေဖြစ်လာတော့မှ အမြဲခန့် အဖြစ်နဲ့ လုပ်ငန်းတွေ လည်ပတ် ခဲ့ တာ အခုဆိုရင် ၁ လ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။
အမျိုးသမီး ယာဉ်နောက်လိုက် တယောက်အဖြစ် အလုပ်ခန့်ဖို့အတွက် ပညာအရည်အချင်း သတ်မှတ်ထားတာမျိုး မရှိဘဲ အလုပ်ခွင် ဝင်ရမယ့် နေရာနဲ့ နီးတဲ့ ပတ်ဝန်းကျင်မှာ နေသူတွေကို ဦးစားပေးတယ်လို့ သူက ပြောပါတယ်။
သူ့ရဲ့ အထူးကားဟာ ခရီးသည်ကို ထိုင်ခုံပြည့်သာ တင်လေ့ရှိပြီး ခရီးစဉ် တလျှောက်လုံး လေအေးပေးစက် ဖွင့်ထားတာ ဖြစ်လေ တော့ အမျိုးသမီး ယာဉ်နောက်လိုက်တွေ အတွက် သက်သောင့်သက်သာ လုပ်ကိုင်နိုင်ကြပါတယ်။
ဆက်ဆံရေး ပြေပြစ်တဲ့ အမျိုးသမီး ယာဉ်နောက်လိုက်တွေကြောင့် ခရီးသွားတွေလည်း စိတ်ချမ်းသာမယ်၊ အမျိုးသမီး အလုပ် အကိုင် အခွင့်အလမ်းတခုလည်း ပေါ်လာမယ်၊ ယာဉ်ပိုင်ရှင်တွေလည်း ဝင်ငွေ အတိအကျ ရနိုင်မယ် ဆိုတဲ့ အကျိုးဆက်တွေကြောင့် အမျိုးသမီး ယာဉ်နောက်လိုက်တွေ ခန့်ထားရေး အစီအစဉ်ဟာ တခြား ယာဉ်ပိုင်ရှင်တွေကြားမှာ ပိုပြီး ကျယ်ပြန့်လာမလား ဆိုတာတော့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။     ။

Sunday, June 1, 2014

အကြောက်တရားနဲ့ ကလေးများ



   .
ကလေးတို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့စိတ်ကလေးတွေ ရှိလာအောင်၊ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်တတ်လာ အောင် စိတ်ဥာဏ်ရည် မြင့်မားလာအောင်လို့ ကလေးတွေကို ဘယ်လိုလေ့ကျင့်ပေးရမယ်ဆိုတဲ့ အကြောင်းကို ဧရာဝတီမှာ ကျမ တော်တော်များများ ရေးခဲ့ပြီးပါပြီ။
ဒီတပတ်တော့ ကလေးများနဲ့ အကြောက်တရား အကြောင်း ကို ကျမ ရေးချင်ပါတယ်။
ကျမတို့ပတ်ဝန်းကျင်မှာ ကလေးက အကြောက်ရှိမှ လိမ္မာမှာ ဆိုတဲ့ စကားကို လူတော် တော်များများဆီကနေ ကြားနေရတတ်ပါတယ်။

“အဖေနဲ့ အမေ တယောက်ယောက်ကိုတော့ ကြောက်အောင်လုပ်ထားမှ”

“သားက ကျမကို သိပ်ကြောက်တာ” ဆိုတာ တွေက  ကျမတို့ဝန်းကျင်မှာ အမြဲတစေကြားနေရတဲ့ စကားတွေပါပဲ။ ကလေးတို့ကို လိမ္မာအောင်လို့ အကြောက်နဲ့အုပ်ချုပ်မှရမယ်ဆိုတဲ့ အတွေးက လူ တော်တော်များများဆီမှာ ရှိနေကြပါတယ်။

ကလေးကို တုတ်နဲ့မရိုက်ရဘူး ဆိုတာကို သိ ထားကြတဲ့ မိဘ၊ ဆရာများတောင်မှ ကလေး ကိုယ့် ကို ကြောက်အောင်လို့ အော်ငေါက်တာမျိုး၊ ငရဲနဲ့ ခြောက်တာမျိုး၊ သရဲနဲ့ခြောက်တာမျိုး၊ အကောင်တွေ နဲ့ ခြောက်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ ခြောက် လှန့်ပြီးတော့ ကြောက်အောင်မလုပ်ရင်  ကလေးတို့ ဘယ်လို လိမ္မာတော့မလဲလို့ ထင်စရာပါပဲ။
အမှန် တော့  လူကြီးကိုကြောက်လို့၊ တစုံတခုကိုကြောက်လို့ ကလေးတို့ လိမ္မာရတာ၊ လိုက်နာရတာမျိုးထက်  လုပ်သင့်လုပ်ထိုက်တာ၊ မလုပ်သင့် မလုပ်ထိုက်တာ ကို ကလေးတို့ကိုယ်တိုင် တကယ်သိပြီးတော့ လိုက် နာတာမျိုးကမှသာ ကလေးအတွက် ပိုကောင်းစေ တာပါ။

ကျမတို့ ဝန်းကျင်မှာ ကလေးကို ဘာကြောင့် ဒါကိုတော့ လုပ်သင့်တယ်၊
ဒါကိုတော့ ဘာကြောင့် မလုပ်သင့်ဘူး ဆိုပြီး ရှင်းပြတာမျိုးထက်  ငရဲကြီးမယ် မလုပ်နဲ့၊ ကုလားကြီး လာဖမ်းလိမ့်မယ် စသဖြင့် ခြောက်လှန့် ပြောဆိုကြတာ များပါတယ်။
 ဥပမာ - ကလေးက လူကြီးဆံပင်ကို ဆွဲတယ်ဆိုပါတော့။

“မီးမီး  မေမေ့ဆံပင်ကို  အဲဒီလို မဆွဲရဘူး။ ဆံပင်တွေဆွဲတော့ မေမေ နာတယ်။ နာတာကို မီးမီး ကြိုက်လား။ မကြိုက်ဘူး မဟုတ်လား။ မေမေလည်း နာတာကို မကြိုက်ဘူး” စသဖြင့် သင် ပေးရပါမယ်။
ဒီသင်နည်းဟာ ကလေး ကိုယ်တိုင်က နာမှာကို ကြောက်သလို၊ သူများကိုလည်း နာအောင်မလုပ်ရဘူး ဆိုတဲ့ကိုယ်ချင်းစာ စိတ်လေးကို ကလေးရင်ထဲ ရောက်အောင်လို့ သင်ပေးလိုက် ခြင်းပါပဲ။

အဲဒီလိုမဟုတ်ဘဲ “ မီးမီး၊ လူကြီး ဆံပင်ကို မဆွဲရဘူး။ ငရဲကြီးတတ်တယ်” လို့  လူကြီးက ပြောမယ်ဆိုရင်ဖြင့် သဘာဝအရ စပ်စုတတ်သူ ကလေးက ဒီလောက်နဲ့ မရပ်တာမို့ “ငရဲကြီးတယ်ဆိုတာ ဘာလဲ” လို့  ဆက် မေးပါလိမ့်မယ်။ အဲဒီအခါမှာတော့ ငရဲကြီးတယ် ဆိုတာ ဒယ်အိုးကြီးထဲကို ဆီတွေထည့်ပြီး ဆီပူနဲ့ ကြော်တာ ကစလို့၊ လှံကြီးတွေနဲ့ ငရဲသားက ထိုးတာ မျိုးအထိ လူကြီးကပြောပါတော့တယ်။
လူကြီးများရဲ့ စိတ်မှာတော့ ဒီလိုပြောလိုက်ခြင်းဟာ ကလေး လိမ္မာ အောင်လို့ ဆုံးမလိုက်ခြင်းပဲလို့ ထင်ပြီးတော့ ပြော လိုက်တာပါပဲ။
ဒါပေမယ့် ကလေးတို့ရဲ့ အတွေးကမ္ဘာ ဟာ အင်မတန်မှ နူးညံ့ဆန်းပြားလွန်းတာမို့ သူတို့ရဲ့ ရင်ထဲက ငရဲကို ကြောက်စိတ်ကြီးဟာ ညအိပ်ရာဝင် ချိန်မှာ  အိပ်မက်ဆိုးတွေ  မက်တဲ့အထိ  သူတို့ကို လွှမ်းမိုးသွားတော့ တာပါပဲ။
လူကြီးကို လုပ်ရင် ငရဲ ကြီးတယ်လို့ အမေက ပြောထားတာမို့ ကလေးဟာ လူကြီးကိုတော့ ဆံပင်ဆွဲတဲ့အလုပ်ကို ဘယ်တော့မှ မလုပ်တော့ပါဘူး။
 ဒါပေမယ့် ရွယ်တူများနဲ့ ကိုယ့် ထက်ငယ်တဲ့ ကလေးများကိုတော့ ဆံပင်ဆွဲတာ၊ ဆောင့်တွန်းတာ၊ ရိုက်ပစ်တာမျိုးတွေကို ဆက်လုပ် နေဆဲပါ။

အဲဒီလိုပဲ ကြောင်ကြီးကိုက်လိမ့်မယ်၊ ဒေဝေါကြီး လာပြီ၊ အမှောင်ထဲမှာ ထားလိုက်ရမလား၊ အခန်းထဲမှာ ပိတ်ထားမှာနော် စသဖြင့် ခြောက်လှန့် တာ ၊ ဒဏ်ပေးတာမျိုးတွေဟာလည်း ကလေးရင်ထဲမှာ အကြောက် တရားတွေ ဝင်အောင်လို့ လုပ်ပေးနေ တာတွေပါပဲ။
လူကြီးကို ကြောက်ရလို့ပဲ ဖြစ်ဖြစ်၊ တခုခုကို ကြောက်လို့ပဲ ဖြစ်ဖြစ် အကြောက်တရား ကြောင့် ကလေးက ကိုယ်ပြောလိုက်တဲ့စကားကို နားထောင်ကောင်း ထောင်သွား ပါလိမ့်မယ်။
 ဒါပေမယ့် ဒါဟာ ကလေးရင်ထဲမှာ မလုပ်သင့်၊ မလုပ်ရမယ့် အရာပါလားလို့ သိနားလည်သွားပြီး တော့ မလုပ်တာ မဟုတ်တဲ့အတွက် လူကြီးကွယ်ရာမှာ ခိုးလုပ်တာမျိုး တွေလည်း ဖြစ်တတ်ပါတယ်။

အဆိုးဆုံးကတော့ အကြောက်တရားနဲ့အုပ်ချုပ် ခံထားရတာကြောင့် ကလေးများဟာ ကိုယ့်ကိုယ် ကိုယ် ယုံကြည်လိုစိတ်၊ ကိုယ့်ကိုယ်ကိုယ် ကိုးကွယ်လို စိတ် လျော့နည်းလာတော့တာပါပဲ။

ကလေးတယောက် (လူတယောက်) အတွက် ကြောက်စရာအကောင်းဆုံးအရာဟာ ကြောက်စိတ် ပါပဲ။ ကြောက်စိတ်ဟာ ကျမတို့ကို လူညွန့်တုံးစေ သလို၊ အမှားအမှန်ကိုလည်း ခွဲခြားမသိမြင်စေနိုင်တော့ပါဘူး။
ကြောက်စိတ်ကြောင့် လူဟာ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု (Self-confidence) လျော့ နည်းစေပါတယ်။
ကြောက်စိတ်ဟာ လူရဲ့ ကိုယ့်ကိုယ် ကိုယ် အကောင်းမြင်ပျော်ရွှင်တတ်တဲ့စိတ် (Self-esteem)  ကိုလည်း  ခြေမွဖျက်စီးပစ်လိုက်နိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်၊ ကိုယ့်ဘဝကို အကောင်းမမြင်နိုင် မပျော်ရွှင်နိုင်တဲ့ ကလေးများ (လူများ) ဟာ သူတပါးပေါ်မှာ မရှုစိမ့်၊ မနာလိုတတ် ကြပါဘူး။ တာဝန်ယူချင် စိတ်လည်း နည်းတတ်ကြပါတယ်။
 ကိုယ့်အမှား ကိုယ် ဝန်မခံတတ်ကြသလို၊ ကိုယ့်ရဲ့ အပြစ်နဲ့ ကိုယ့်ရဲ့တာဝန် ကို တခြားသူ တွေအပေါ်မှာ လွှဲချတတ်၊ အပြစ်တင် တတ်တဲ့လူများ ဖြစ်တတ်ကြပါတယ်။
အဆိုးဆုံးကတော့ လိမ်တတ်၊ ညာ တတ်၊ မျက်နှာလို မျက်နှာရလုပ်တတ် လာကြတာပါပဲ။

ကျမတို့ လူမှုဝန်းကျင်မှာ တာဝန် ယူဖို့ဝန်လေးတဲ့သူ၊ ကိုယ့်အပြစ်ကို သူများ လွှဲချတတ်သူများကို လေ့လာကြည့်မယ် ဆိုရင်ဖြင့် ထိုသူများဟာ အင်မတန် ကြောက်စိတ်များကြတာကို တွေ့ကြရ မှာပါ။
 ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်၊ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင် ပျော် ရွှင်တဲ့စိတ်တွေလည်း လျော့နည်းနေကြ တာကို တွေ့ကြမှာပါပဲ။

ကြောက်စိတ်ကြောင့် ရိုးသားတဲ့၊ ကြောက်စိတ်ကြောင့် မဟုတ်တာမလုပ် ရဲတဲ့၊ ကြောက်စိတ်ကြောင့် လိမ္မာရတဲ့ ကလေးမျိုးတွေဟာ  တကယ်တော့ အနာဂတ် လူ့အဖွဲ့အစည်း အတွက် အန္တရာယ် များလွန်းလှပါတယ်။
ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့၊ ကိုယ်ကိုယ်ကိုယ်တန်ဖိုးထားတဲ့၊ မဟုတ် တာလုပ်ရမှာကို ရှက်တတ်တဲ့၊ မှန်တာကို ပြောရဲ လုပ်ရဲတဲ့ ကလေးမျိုးတွေ (လူကြီးတွေ) အနာဂတ် လူ့အဖွဲ့စည်းမှာ များလာစေဖို့အတွက် ကလေးတို့ ရင်ထဲကို ကြောက်စိတ်တွေ မသွင်းပေးကြပါနဲ့လို့ ။

 


  • ခေတ်ဘုန်းသစ်

ဧရာဝတီ

ကွန်းလုံ ဆည် နဲ့ စိုးရိမ်ရတဲ့ပြည်သူတွေ


 ဧရာဝတီမြစ်ဆုံမှာ ရေကာတာ တည်ဆောက်ပြီး လျှပ်စစ် ထုတ်မယ့် အစီအစဉ် ကို ကန့်ကွက်ကြစဉ်
သံလွင် မြစ်ပေါ်မှာ အစိုးရ က တည်ဆောက်နေကြတဲ့ ဆည်ကြီးတွေ၊ သံလွင်မြစ်ရဲ့ မြစ်လက်တက် တွေ ပေါ်မှာ တည်ဆောက်ဖို့ ပြင်နေကြတဲ့ ဆည်လေးတွေ နဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာ စွာ ချပြတာ မရှိတဲ့အတွက် ဒီဆည်တွေ ကြောင့်ဖြစ်လာမယ့် ဆိုးကျိုးတွေ ကို ဒေသခံပြည်သူတွေ အနေနဲ့ သေသေချာချာ မသိရလို့ စိုးရိမ်စရာတွေ ဖြစ်နေပါတယ်။

သံလွင်မြစ်ပေါ်မှာ ဆည်ကြီး စုစုပေါင်း ၆ ခုလောက်တည်ဆောက်မယ် ဆိုတဲ့ စီမံကိန်း ရှိသလို ကန့်ကွက်တာတွေလည်းရှိပါတယ်၊ အဲဒီ တည်ဆောက်မယ့် ဆည်ကြီးတွေ အထဲ အပေါ်အကျဆုံးဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်းထဲမှာ တည်ဆောက်မှာ လည်းဖြစ်တဲ့ ကွန်းလုံ ရေကာတာ ရေအားလျှပ်စစ် စီမံကိန်းနဲ့ပတ်သက်ပြီး အစိုးရ က လုပ်ဖို့ သဘောတူပြီးသလို တည်ဆောက်တာ တွေ လုပ်ဆောင်နေပြီ လို့ သိရပါတယ် ၊

ဒီ စီမံကိန်း ကနေ လျှပ်စစ် မီဂါဝပ် ၁၄၀ဝ ထုတ်လုပ်မှာ ဖြစ်ပြီး အဲဒီထဲက ၁၂၀ဝ မီဂါဝပ်ကို တရုတ်နိုင်ငံ ကို တင်ပို့ ရောင်းချမှာ ပါ။

မြန်မာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန နဲ့ အတူ မြန်မာဘက်က အာရှဝါးလ် Asia World ကုမ္ပဏီ ဆိုးပါဝင်ပြီး တရုတ် က Hanergy စွမ်းအင် ကုမ္ပဏီ တို့ ပူးပေါင်း လုပ်ကိုင်တာလို့ သိရပါတယ်။

အဲဒီဆည်တည်ဆောက်မှုတွေ အတွက် EIA လို့ ခေါ်တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု စစ်တမ်း ကို စီမံကိန်း လုပ်သူတွေ ဘက်က ကောက်ယူတာ က ပွင့်လင်းမြင်သာ တာ မရှိတဲ့အကြောင်း နိုင်ငံတကာ မြစ်ကြောင်းများအဖွဲ့ International Rivers က သံလွင်မြစ်ကို စောင့်ကြည့်လေ့လာ နေတဲ့ မစ္စ ပီရမ်ပွန် ဒီထစ် က ပြောပါတယ်။

သူက EIA လုပ်သွားတာ သာ ကြားရတယ်။ ပြည်သူတွေ ကို ချမပြတော့ ထိခိုက်မယ့် ပြည်သူတွေ ကို ဘာတွေ တိုင်ပင် တယ်။ ဘယ်လို သက်ရောက်မှုတွေ ရှိမယ် ဆိုတာ ကို လူထု က သိရရဲ့လား ဆိုတာ ကို မသိရဘူး။ သူတို့သိသလောက် ဒီဆည် တည်ဆောက်တာရယ် သူ့ရဲ့ အခြေခံအဆောက်အအုံတွေ ဆောက်လုပ်တာ ရယ် နဲ့ဆိုရင် ရွာပေါင်း ၆၀ လောက် ပြောင်းရဖို့ရှိပြီး လူပေါင်း ၂သောင်းကျော် ထိခိုက်ကြမှာဖြစ်တယ် လို့ ပြောပါတယ်။

တန့်ယန်းမြို့နယ်အတွင်း က သံလွင်မြစ်နဲ့ သူ့ရဲ့ မြစ်လက်တက် တခု မှာ တည်ဆောက်မယ့် ရေကာတာ ၂ ခုနဲ့ပတ်သက်လို့ လည်း ပြီးခဲ့တဲ့ လပိုင်းပဲ ဒေသခံတွေ ကိုအစည်းအဝေးခေါ်ရာမှာ ထိခိုက်မယ့် အနီးအနား က ရွာက လူတွေကို မခေါ်ပဲ ဟိုးအဝေး က လူတွေကို သာ အစိုးရ က ခေါ်တိုင်ပင်ခဲ့တယ် ဆိုတဲ့ ရှမ်းလူ့အခွင့်အရေး အဖွဲ့ Shan Human Rights Foundation ရဲ့ ပြောဆိုချက် ထွက်လာပါသေးတယ်။

အခု သံလွင်တလျှောက် နေရာတွေဟာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး အပြီးရသေးတဲ့နေရာတွေ မဟုတ်လို့ မတည်ငြိမ်သေးတာရယ်၊ ထိခိုက်မယ့် ဒေသခံလူတွေရဲ့ ဆန္ဒတွေ ကိုမယူတာကြောင့် ကွန်းလုံရေကာတာ အပါအဝင် သံလွင် က ရေကာတာစီမံကိန်းတွေ ရပ်ဆိုင်းထားသင့်ကြောင်း နိုင်ငံတကာ မြစ်ကြောင်းများ အဖွဲ့ က ပြောပါတယ်။

သံလွင်မြစ်ကြောင်း စီမံကိန်းတွေ ဟာ အခုလိုတောင်းဆိုသံတွေကြားထဲမှာ ပဲ အဲဒီကနေ လျှပ်စစ်စွမ်းအင် ဝယ်ယူကြမယ့် တရုတ်နိုင်ငံ ထိုင်းနိုင်ငံ က တွန်းအားတွေ ကလည်းရှိနေတာကြောင့် ဒေသခံတွေအပါအဝင် မြန်မာပြည်သူတွေရဲ့ သဘောထား တွေ က ဘယ်လောက်ခရီးရောက်နိုင်မလဲ ဆိုတာ ကိုလည်း စိုးရိမ်စရာ ဖြစ်နေပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ကော်မရှင်ကို သရော်ချင်တယ်



 ရွှေပြည်ကြီးမှာ ဒီရက်တွေဟာဖြင့် တကယ့်ကို အုန်းအုန်းကျွက်ကျွက်ပါပဲခင်ဗျာ။ ၄၃၆ ဆိုတာကြီးပြင်ဖို့ နိုင်ငံရေးသမားတွေကလည်းဟော၊ ရပ်ကွက်ထဲမှာလည်း ဒီ အကြောင်းပဲပြောနဲ့ လူထုတွေ ဟာ နိုးကြားနေသဗျာ။ အနှီပုဒ်မ ၄၃၆ ကိုပြင်ဖို့အရေး ဆန္ဒပေး လက်မှတ်ထိုးတာကလည်း တကယ့်ကိုမှ အလွှာစုံပါပဲ။

စုံလိုက်သမှ အနုပညာရှင် များကလည်း တစ်တပ်တစ်အားပဲဗျာ။ ဟိုစဉ်အာဏာရှင်ခေတ်အခါ တုန်းက ပေါ်လစီကားတွေကို သူ တို့ခမျာ မလွှဲသာလို့ရိုက်ခဲ့ရတယ် ဆိုတာ ကျုပ်ဖြင့်အခုကျမှပဲ ယုံ တော့တယ်။ အရေးကြုံတော့ ထမင်းရှင်ပြည်သူတွေဘက်က ရပ်ရမယ်ဆိုကိုး။ ကြားရတာနဲ့ တင် ကျုပ်တို့ ထမင်းရှင်ပြည်သူ များကလည်း နားဝမှာ ချမ်းသာလှ ပါရဲ့ဗျာ။ သို့ငြားလည်း ဟိုလူငယ် ကြိုက် အဆိုတော်လေးက ၄၃၆ ပြင်ဖို့ လက်မှတ်ထိုးဖို့ရာ သူ့မှာ မနိုင်ဝန် ဖြစ်ရပါတယ်ဆိုတဲ့ သဘောပြောမိ၊ ရေးမိလို့ ဝိုင်း သမတာ အတော်ခံလိုက်ရသတဲ့။ နောက်ဆုံးလက်မှတ်ထိုးလိုက်မှပဲ သူ့အမြင်အပေါ်မှာ ကြိတ်မနိုင်ခဲ မရတဲ့ ပရိသတ်များက ဘဝင်ကျ သွားတယ်ဆိုပဲ။

အဲ.. ဖေ့စ်ဘွတ်ခ်ပျော် အစ်ကိုတော်၊ အစ်မတော်များကလည်း အနှီ ၄၃၆ ပြင်ရေးအတွက် သူတို့ လက်မှတ်ထိုးကြတဲ့ ဓာတ်ပုံ ကလေးတွေကိုလည်း ဖေ့စ်ဘွတ်ခ် ပေါ်မှာ အသီးသီးသကာလ တင် နေလေရဲ့ဗျ။ ကျုပ်တို့ဖြင့် ကြွား ချင်လို့ တင်တာရယ်လို့ မထင် ပေါင်ဗျာ။ တိုင်းနိုင်ငံ ပြည်အရေး မှာ လက်မနှေးတာကို ရပ်နီးရပ် ဝေးက ဆွေသဟာများကို သိကြား စေသက်သေညွှန်းတယ်လို့သာ မှတ်ပါတယ်။ ဟုတ်တယ်ဟုတ်။

သို့ပေတဲ့ တစ်ခုတော့ဖြင့် သိချင်သားဗျ။ အခုလို လူထုတစ် ရပ်လုံးဖွဲ့စည်းပုံကို အကြောင်းပြု ပြီးသကာလ စည်စည်ကားကားနဲ့ သွားကြလာကြ၊ ပြောကြဟော ကြ၊ ရေးကြထိုးကြတာတွေကို ကျုပ်တို့ရဲ့ ရွေးကောက်ပွဲကော် မရှင်က လူကြီးမင်းများမြင်ရင် ဘာများမြွက်ဆိုမလဲလို့။ ဘာ ကြောင့် သိချင်တာလဲဆိုတော့ ကာ အနှီကော်မရှင်ရဲ့ ဥက္ကဋ္ဌကြီး ဟာ ပြီးခဲ့တဲ့ ကြားဖြတ်ရွေး ကောက်ပွဲနဲ့ပတ်သက်ပြီး ပြောင် မြောက်စွာ မှတ်ချက်ချဖူးတာ သတိရလို့ပါဗျာ။

ဒီနှစ်ထဲမှာပဲခင်ဗျ။ အနှီရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီးက တိုင်းခန်းလှည့်လည်တဲ့အခါ ပုသိမ်ကို ရောက်သွားခဲ့သတဲ့ဗျာ။ သို့ကလို လူထုကြား လှည့်လည်တဲ့အခါ စစ်သားတုန်းကတော့ စစ်သား စကားပြောရသလို အခုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဖြစ်ရပြန်တဲ့အခါ ရွေးကောက်ပွဲစကား ပြောရတာပေါ့လေ။ အဲဒီမှာ သူက ဒေသခံတွေကို ပြောတာ။ ဘာပြောသလဲဆိုတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးတော့ သူ့ဆီကို နိုင်ငံတကာက သံအမတ်တွေ၊ ဘာတွေလာတွေ့ကြသတဲ့။ တွေ့တော့ကာ အနှီသံတမန်များဟာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲဟာဖြင့် လွတ်လပ်မျှတတဲ့အကြောင်းဥက္ကဋ္ဌကို လာရောက်ထောမနာပြုကြတယ်ဆိုပဲ။

ဥက္ကဋ္ဌကြီး သူကတော့ဖြင့် ဘာမှပြန်မပြောပါဘူးတဲ့။ သို့ပေ တဲ့ သူ့ပါတီတွေနဲ့တွေ့တော့ အခု လိုပြောဖြစ်တယ်ဆိုပဲ။ ဘာတဲ့ ဗျာ။ ၂၀၁၂ ကြားဖြတ်ဟာ လွတ် လပ်လိုက်သမှ တစ်ခါတည်းရွေး ကောက်ပွဲ၊ မဲဆွယ်ပွဲနဲ့တောင် မတူဘူး။ ဆန္ဒပြနေသလားမှတ်ရ တယ်တဲ့။ သူဖြင့် ၈၈ အရေး အခင်းများ ပြန်ရောက်နေလေ သလားတောင်မှ အထင်ရောက် သွားသတဲ့။ ကိုင်း.. အဲဒါကြည့်ပေါ့ ဗျာ။ ဘစီတို့ရဲ့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဟာ ဘယ် လောက်လွတ်လပ်ခွင့်ပေးထားခဲ့ တယ်ဆိုတာ။ အခုလည်း ၄၃၆ လက်မှတ်ထိုးပွဲ လူထုက ခြိမ့်ခြိမ့် သဲနွှဲနေတာ ခမျာဘာများပြော မလဲလို့ သိချင်တာ။

သို့သော်ငြား အဲဒီ သူ့ရဲ့ ပုသိမ်ခရီးစဉ်မှာကတည်းက တစ် ခါတည်း ကြိမ်းသွားတယ်။ နောက် များတော့ အနှီလိုအခွင့်မျိုးဟာ ရတော့မှာ မဟုတ်ဘူးတဲ့ဗျာ။ ရွေး ကောက်ပွဲကို ကန့်သတ်ပစ်မယ် တဲ့။ မဲဆန္ဒနယ်မှာ မဆိုင်တဲ့သူ တွေလာမပြောနဲ့။ အရွေးခံမယ့် ကိုယ်စားလှယ်ပဲ လာပြောကြပေ တော့တဲ့။ အဲဒါကို ကျေနပ်ရင် ဝင်၊ မကျေနပ်ရင်မဝင်နဲ့။ အချိန် ကန့်သတ်မယ်။ နေရာကန့်သတ် မယ်။ လူကန့်သတ်မယ်။ အနှီ လုပ်ပိုင်ခွင့်တွေဟာ သူ့လက်ထဲ မှာတဲ့။

အဲသလိုပြောပြီး ဘာကြာ သတုံးဗျာ။ လာမယ့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမယ့် စုဝေးဟောပြောခွင့်နဲ့ မဲဆွယ်စည်းရုံးခွင့် ညွှန်ကြား ချက်မူကြမ်းဆိုတာ ဟိုတစ်လော က ထွက်လာပါရောလား။ အဲဒီ မူကြမ်းမှာ ပါတဲ့အချက်တွေက တော့ ကျုပ်တို့ကော်မရှင်ဥက္ကဋ္ဌ ပုသိမ်မှာပြောခဲ့တာတွေနဲ့ သိပ် မကွာလှပါဘူး။

မဲဆွယ်စည်းရုံးခွင့်ကို ရွေး ကောက်ပွဲမတိုင်မီ တစ်လအလို မှာ ခွင့်ပြုမှာဖြစ်ပြီး သတ်မှတ်တဲ့ နေရာတွေမှာ ဟောရမှာတဲ့။ တစ် နည်းအားဖြင့် စည်းကမ်းကလနား နဲ့ပေါ့လဗျာ။ နောက်ပြီးတစ်ခါ စုဝေးဟောပြောခွင့်ရှိတဲ့သူဟာ လည်း ဆိုင်ရာမဲဆန္ဒနယ်မှာ ဝင် အရွေးခံမယ့် စာရင်းပေါက်ပြီး သား ကိုယ်စားလှယ်လောင်း ဒါမှမဟုတ် အနှီကိုယ်စားလှယ် လောင်းရဲ့ တရားဝင်ကိုယ်စား လှယ်ကိုသာ ခွင့်ပြုမှာတဲ့။ အခြား သော ကန့်သတ်ချက်အပြည့်အစုံ ကိုတော့ ညွှန်ကြားချက်မှာပါပြီး သားမို့ ကျုပ်တို့အရှည်သဖြင့် မပြောတော့ပါဘူး။

အနှစ်ချုပ်ကာ ပြောရမယ် ဆိုရင်ဖြင့် အနှီညွှန်ကြားချက်ဟာ တစ်ဖက်သတ်ဆန်လွန်းတာပဲ ဖြစ်တယ်ခင်ဗျ။ ဒီမိုကရေစီရွေး ကောက်ပွဲဆိုပေတဲ့ လုပ်နည်းလုပ် ဟန်တွေကတော့ အာဏာရှင် ဟန်ပဲဗျ။ ဗိုလ်ချုပ်ကြီးများ ပြော ဖူးတဲ့ စည်းကမ်းပြည့်ဝသော ဒီမို ကရေစီဆိုတာ အဲဒါမျိုးလားတော့ မသိပါဘူး။ ဘာပဲဖြစ်ဖြစ် ကျုပ် တို့ ခံစားနေရတာတော့ ခေါင်က စပြီး မိုးမလုံတဲ့ကိစ္စပါပဲ။ တရား မျှတတဲ့ ရွေးကောက်ပွဲကော်မရှင် ကိုယ်တိုင်က ‘‘ငါ့သားမယားဘက် ခပ်ပါပါ’’လုပ်နေတာပါပဲ။

သိကြတယ်ဟုတ်။ ကော် မရှင်က ဘာကြောင့် အဲသလို ညွှန်ကြားချက်ကို ထုတ်သလဲဆို တာ။ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲတုန်းက ဒေါ်အောင် ဆန်းစုကြည်ဟာ သူ့ပါတီက ကိုယ်စားလှယ်လောင်းများရဲ့ မဲဆန္ဒနယ်မှာလိုက်ပြီး တရား ဟောခဲ့တာ ရှိခဲ့သကိုးဗျ။ ဆိုတော့ ကာ ဒေါ်စုမျက်နှာနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကြား ဖြတ်မှာ ပြည်ခိုင်ဖြိုးပါတီကိုကျော် တက်အနိုင်ရသွားတယ်လို့ ရွှေ ဉာဏ်တော်စူးရောက်စွာနဲ့ ဆင် ခြင်ကြည့်ကြမှာပေါ့။

နောင်လာမယ့် ရွေးကောက် ပွဲမှာ သို့ကလိုသာဖြစ်လို့ကတော့ ဗိုလ်ချုပ်ဟောင်းများရဲ့ ပြည်ခိုင် ဖြိုးပါတီဟာ ရှုံးချက်နာဦးမှာဆို တော့ကာ ပြိုင်ဘက်ပါတီတွေ အပေါ်မှာ ကန့်သတ်လိုက်တာပဲ ခင်ဗျ။ ဟုတ်တာ မဟုတ်တာ အပထား မီကိုကွေကာကို ကိုယ့်အတွေးနဲ့ကိုယ် သောက်ကြသည် ဆိုတဲ့ ကြော်ငြာလိုပဲ၊ တစ်ခါက ဗိုလ်ချုပ်ဟောင်းတစ်ယောက် ဥက္ကဋ္ဌဖြစ်နေတဲ့ ရွေးကောက်ပွဲ ကော်မရှင်ကလည်း သူ့အတွေးနဲ့ သူဟုတ်လှပြီ ထင်နေမှာပေါ့လေ။

သို့ပေတဲ့ အရပ်သားပါတီ များကို အနှီလို ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ ချည်ပြီးတုပ်ပြီး အမိန့်များဆင့်ကာထုတ်ပေတဲ့ ပြည်ခိုင်ဖြိုးကျတော့ ကော်မရှင် က လုပ်ချင်ရာလုပ်ခွင့်လိုင်စင်များ ပေးထားသလားလို့။ သိတယ် လား။ ချစ်ရင်အပြစ်မမြင်ဆိုသကိုး။ တစ်ဖက်ကလည်း ကော် မရှင်ရဲ့မေတ္တာကို သိတတ်လိုက် တာသမှ။ ကိုယ်စားလှယ်လောင်း များ စုဝေးဟောပြောခွင့်နဲ့ မဲဆွယ် ခွင့် ကန့်သတ်တဲ့ညွှန်ကြားချက် မူကြမ်းကို ပြည်ခိုင်ဖြိုးပါတီက အပြည့်အဝထောက်ခံတယ်ဆိုပြီး လုပ်သေးတာ။ တပ်မှူးတပ်သား ဟောင်းများအကြား မေတ္တာ ရောင်ပြန်ဟပ်တာ ထင်ပါရဲ့။

အခြားနိုင်ငံရေးပါတီတွေ ကျတော့ ရန်ပုံငွေဘယ်ကရတယ် ကအစ လိုက်ပြီးကန့်သတ်နေပေတဲ့ ပြည်ခိုင်ဖြိုးက ပါတီဝင်များသွား သွားလာလာ လုပ်နေတာက ဘယ်သူ့ဝင်ငွေတွေလဲခင်ဗျ။ ဒါတင်မကသေးဘူး ရွာဖျက်ခံရတဲ့ သမီးလေးကျေးရွာသားတွေ နေဖို့အတွက် မြေကွက်တောင် ဝယ် ပေးမယ်လုပ်သေးတာ။ ဘယ်က နေ ပါတီရန်ပုံငွေတွေ သောက် သောက်လဲရနေတာလဲ ကျုပ်တို့ မသိပါဘူးဗျာ။

သို့ပေတဲ့ ကော်မရှင်ဟာ မျှတပါတယ်။ အခုနောက်ဆုံး ထွက်လာတဲ့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ နိုင်ငံရေးပါတီတွေကို မြေကွက်တွေ၊ ကားပါမစ်တွေပေးမတဲ့။ ဆိုတော့ တချို့ အမြော်အမြင်ရှိသူများက ပါတီထောင်ဖို့တောင် စိတ်ကူးနေပြီဗျ။ မလိုသူတွေကတော့ ပြောတာပေါ့ဗျာ။ ကော်မရှင်ဟာ အယူမခိုင်မာတဲ့ ပါတီငယ်လေးများကို တိုက်နဲ့ကားပေးပြီး ခါးပိုက်ထဲ ထည့်နေပြီလို့။ ကျုပ်တို့ကတော့ အဲသလိုမထင်ရက်ဘူးဗျာ။ ကော်မရှင်ဟာ‘သားတူညီများ’အခွင့်အရေးပေးချင်တာ ဖြစ်မှာပါရယ်။

ရွေးကောက်ပွဲကော်မရှင်ဆို တာ တရားမျှတရမယ်မဟုတ် လား။ ဘယ်ပါတီကိုမှ မျက်နှာ သာမပေးဘဲ ခွင့်တူညီမျှဖြစ်စေရ မယ်ဆိုတော့ကာ နိုင်ငံရေးပါတီ များကို မုန့်ကျွေးရမယ့်သူ မုန့် ကျွေး၊ တုတ်ပေးရမယ့်သူ တုတ် ပေးလုပ်နေတာပဲလို့ ကျုပ်တို့ထင် သဗျ။ လိမ္မာတဲ့ ပါတီများဟာ ကော်မရှင်က ကျွေးတဲ့မုန့်များကို စားရကံကြုံမှာပေါ့ဗျာ။

အဲ.. မလိမ်မိုးမလိမ်မာတဲ့ ပါတီများကျ တုတ်ရကြမှာ ခင်ဗျ။

ကြည့်ဗျာ။ ဟိုတစ်လောက ဖွဲ့စည်းပုံပြင်ရေး ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ် မတော်ကို စိန်ခေါ်တဲ့စကားများ ပြောသွားလို့ ကော်မရှင်က သတိ ပေးအကြောင်းကြားစာပို့လာ သတဲ့။ ပါတီတွေ၊ နိုင်ငံရေးသမား တွေ အဲဒါခက်တာပဲဗျာ။ လိမ္မာ ရင် ကော်မရှင်က ဘာဝင်ပါစရာ ရှိသလဲ။ တိုက်ခန်းနဲ့ ကားပါမစ် တောင်ပေးဦးမယ့်ဥစ္စာ။ အခုကျ တော့ တပ်မတော်ကိုသွားပြီး စိန် ခေါ်ရတယ်လို့။

တကယ်တော့ စိန်ခေါ်တာ ကလည်း အရပ်ထဲမှာလို ချမယ် နှက်မယ် သတ္တိရှိရင်ထွက်ခဲ့လို့ ခုနစ်သံချီဟစ်တာမဟုတ်ပါဘူး ဗျာ။ လွှတ်တော်ထဲမှာရှိတဲ့ တပ် မတော်သားကိုယ်စားလှယ်တွေ အနေနဲ့ မိမိတို့ဟာ အာဏာမက် မောလို့၊ အထူးအခွင့်အရေးမက် မောလို့ လုပ်နေတာမဟုတ်ဘူးဆို တာ သက်သေထူပါလို့ တိုက် တွန်းတယ်ဆိုတဲ့ စကားလေးပဲ ပြောတာ။ ဒါကိုများ ကော်မရှင်က တပ်မတော်ကို စိန်ခေါ်တယ်လို့ အမှတ်ထားတာ အံ့ဩစရာကြီး မဟုတ်လား ကိုယ့်လူတို့ရာ။

နို့ပေတဲ့ တပ်မတော်ဆိုတာ တိုင်းပြည်ရဲ့ အမိအဖကိုခင်ဗျ။ အနန္တနောအနန္တ ငါးပါးထဲမှာ မပါ သော်ငြား တပ်မတော်သာ အမိ တပ်မတော်သာအဖဆိုတော့ တပ်မတော်ကိုသွားပြီး ကလိရင် ကော်မရှင်နဲ့ ငြိမှာပဲ။ တပ်မတော် ဟာ ဒီတိုင်းပြည်မှာ နတ်နေကိုင်း ခင်ဗျ။ သွားပြီးမထိနဲ့ ကော်မရှင် နဲ့ငြိမယ်။ ကော်မရှင်ဟာ ဒါမျိုး တွေ ထိန်းကျောင်းဖို့ဖွဲ့ထားတာ။ အရပ်သားများ စကားမမှားကြနဲ့ ပေါ့ဗျာ။ အထက်တစ်နေရာမှာ ကျုပ်တို့ပြောခဲ့သလိုပဲခင်ဗျ။ တချို့ကိစ္စတွေမှာ ကော်မရှင်ဟာ သူ့အတွေးနဲ့သူနေမှာပါ။

ကဲဗျာ။ နိဂုံးကမ္မတ် အဆုံး သတ်ရရင်တော့ ရွေးကောက်ပွဲ ကော်မရှင်ဟာ အခုနေခါ ရွေး ကောက်ပွဲများနဲ့ပတ်သက်ရာ အမိန့်ညွှန်ကြားစာဆိုတာမျိုးတွေ တစ်ခုပြီးတစ်ခုထုတ်ပြန်နေတာ ဟာ ဘာရည်ရွယ်ချက်နဲ့လဲဗျာ။ ထွက်လာတဲ့ ညွှန်ကြားချက်မူ ကြမ်း၊ မူချောဆိုတာတွေကလည်း တစ်ဖက်မှာ မက်လုံးနဲ့၊ တစ်ဖက် မှာ ခြောက်လုံးနဲ့၊မီးစနဲ့ ရေမှုတ် ကို ပြိုင်တူထုတ်လုပ်နေတာ ကျုပ် တို့ ပြည်သူတွေအကျိုးလားခင် ဗျာ။ သို့မဟုတ်ရင် တပ်မှူးတပ် သားယူနီ ဖောင်းဝတ်များရဲ့ ထာဝရအကျိုးစီးပွားအတွက်လား ဗျာ။ ကော်မရှင်လုပ်သမျှ အခုထိ မြင်ရတာတော့ ကျုပ်တို့ဘဝင်မှာ လေဟပ် ကျေနပ်လာတဲ့အထိ မဖြစ်သေးတာ အမှန်ပဲဗျာ။ နိုင်ငံ ရေးပါတီတွေကိုကန့်သတ်ထိန်း ချုပ်ရမယ်လို့ တွေးနေတာကို က ဘယ့်နှာ ဒီမိုကရေစီဖြစ်မှာ ပါလဲဗျာ။

ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ခေါင်းဆောင်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ဟာ တပ်မတော် အပေါ်မှာ မေတ္တာမကင်းတာ ကျုပ်တို့နားလည်ပေးပါတယ်။ နို့ပေတဲ့ လက်နက်အင်အား၊ လူ အင်အားနဲ့ ဥစ္စာဓန ပေါကြွယ်ဝ နေတဲ့ တပ်မတော်က ကြီးကြီးမာ စတာများကို မေတ္တာရေစီးကမ်း ပြိုလိုက်နေသလို ဒီမိုကရေစီဆို တဲ့စကား မစားရအညှော်ခံဖြစ်နေ ရတဲ့ လူထုများအတွက်လည်း မေတ္တာရေကြည်တစ်ပေါက် ငေါက်ခနဲ ပန်းထွက်လာရင်ကိုပဲ ရွေးကောက်ပွဲကော်မရှင်လူကြီး မင်းများကို ကျုပ်တို့ဟာ ကျေးဇူး တင်နေမှာပါဗျာ။ လာမယ့် ရွေး ကောက်ပွဲတွေမှာ မဟာဗျူဟာ မြောက်ခြိမ်းခြောက်ခြင်းကင်းတာ ပဲ မြင်လိုပါတယ်ဗျာ။ သို့ကလို လည်း တိုက်တွန်းပါတယ်ခင်ဗျ။

အခုပြောတာတွေဟာ ကော်မရှင်ကို စိန်ခေါ်တာမဟုတ် ရပါဘူးခင်ဗျာ။ အဲ.. ကျုပ်တို့က သရော်စာသမားတွေဖြစ်တော့ ကာ ပြောရင်းနဲ့ ဒေါတွေပါကာ ကော်မရှင်ကို သရော်သလိုဖြစ် သွားရင်လည်း မတတ်နိုင်ဘူးပေါ့ ခင်ဗျာ။ စိတ်ထဲရှိတာ အရင်းတိုင်း ပြောရရင်တော့ အဘတို့ရဲ့ ကော် မရှင်ကို ကျုပ်တို့သိပ်သရော်ချင် တာပဲ။ သို့ပေတဲ့ အောင့်ထားရ တယ်။ တော်ကြာကော်မရှင်ကို သရော်ပါတယ်ဆိုပြီး သတိပေး စာ အထုတ်ခံထိမှာ ကြောက်လို့ ရယ်သာ။

Author: ဘစီ
7DAY DAILY

ဖွဲ့စည်းပုံ ပြင်ရေး ၈၈ အဖွဲ့ ဟန့်တားခံရ

၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး နယ်လှည့် ဟောပြော နေတဲ့ ၈၈ ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်း အဖွဲ့ဝင်တွေ ဟားခါးမှာ ဟောပြောဖို့ စီစဉ် ထားတဲ့ နေရာကို ချင်း ပြည်နယ် အစိုးရ က အကြောင်း ပြချက် မပေးဘဲ ခွင့်ပြု မိန့် ပယ်ချ လိုက်ပါတယ်။

ပြည်နယ် ရဲတပ်ဖွဲ့က ခွင့်ပြု ခဲ့ပေမယ့် ပြည်နယ် အစိုးရက ကန့်ကွက် ပယ်ချ ခဲ့တာ ဖြစ်ကြောင်း ဟားခါးမှာ ရောက်နေတဲ့ ၈၈ အဖွဲ့ ခေါင်းဆောင် တယောက် ဖြစ်တဲ့ ကိုအောင်သူက ပြောပါတယ်။

ဖွဲ့စည်းပုံ ဟောပြောပွဲကို ချင်းခန်းမမှာ ကျင်းပဖို့ စီစဉ်ထားတာ အစား NLD ရုံးမှာ ပြောင်းလုပ်ဖို့ ပြင်ဆင် နေပါတယ်။

သမ္မတ နဲ့ နေပြည်တော်မှာ တွေ့ဆုံ ခဲ့စဉ်က ပြည်နယ် တိုင်း အစိုးရ တွေနဲ့ နိုင်ငံရေး အင်အားစုတွေ ပိုပြီး ပူးပေါင်း ဆောင်ရွက်လာအောင် ကူညီမယ်လို့ ဦး သိန်းစိန်က ၈၈ အဖွဲ့ ခေါင်းဆောင် တွေကို ပြောခဲ့ ပေမယ့် လက်တွေ့ ကွဲလွဲမှုတွေ ရှိနေ သေးတယ် လို့လဲ ဆိုပါတယ်။

ဒီလို စုဝေးခွင့် ပိတ်တာဟာ နိုင်ငံသား အခွင့်အရေးတွေ ချိုးဖောက်ရာ ကျနေတဲ့ အတွက် မဖြစ်စေချင်ဘဲ အခြေခံ ဥပဒေ ပြင်ဆင်ရေး နိုင်ငံသား အားလုံး ပါဝင်ကြဖို့ ပြောကြား ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
အခြေခံ ဥပဒေ ပြင်ရေး ပူးပေါင်း ဆောင်ရွက်

နှစ်နိုင်ငံ နယ်ခြားစောင့်တပ်များ ဇွန် ၃ ရက်တွင် မျက်နှာစုံညီဆွေးနွေးမည်



သေဆုံးသွားသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်ကို မေလ ၃၁ ရက်က ဘင်္ဂလားဒေ့ရှ်ဘက်သို့ လွှဲပြောင်းပေးအပ်စဉ် (ဓာတ်ပုံ− မြဝတီ)
လူသေဆုံးခဲ့သည်အထိ နှစ်နိုင်ငံ နယ်စပ်အကြား ပစ်ခတ် မှုများဖြစ်ပွားခဲ့ပြီးနောက် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်များ မျက်နှာစုံညီ ဆွေးနွေးပွဲ တစ်ခုကို ဇွန်လ ၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း နှစ် ဖက်လုံခြုံရေးအရာရှိများက ပြော ကြားသည်။
နှစ်နိုင်ငံ နယ်ခြားစောင့် တပ်များအကြား ဆွေးနွေးရန်အ တွက် ဘင်္ဂလားဒေ့ရှ်ဘက်မှကမ်း လှမ်းမှုကို ရရှိထားကြောင်း အ မှတ်(၄)ရဲတပ်ရင်းများ ကွပ်ကဲ ရေးအဖွဲ့မှ ရဲမှူးကြီးထွန်းဦးက ပြောသည်။
နှစ်နိုင်ငံ နယ်ခြားစောင့် တပ်များ၏ တပ်မှူးများအကြား တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၃ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး ၏ ပြောကြားချက်ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာအခြေ စိုက်အွန်လိုင်းသတင်းစာဖြစ် သည့် bdnews24.com က ဇွန် လ ၁ ရက်တွင် ရေးသားသည်။
နှစ်ဖက်အကြား ဆွေးနွေး မှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ ဘဇား(သို့မဟုတ်) နတ်ကျောက် စာရီတွင် ကျင်းပမည်ဖြစ်ကြောင်း ရဲမှူးကြီးထွန်းဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ ၎င်း တို့နယ်ခြားစောင့်တပ်ဖွဲ့အရာရှိ ဟု ပြောကြားထားသည့် တပ် ကြပ်မိုဟာမက်မီဇာနူးရာမန် သေ ဆုံးခဲ့သည့် မေလ ၂၈ ရက် တိုက် ပွဲအပြီး ခြောက်ရက်ကြာ ကျင်းပ မည့် ယင်းအစည်းအဝေးတွင် နှစ် နိုင်ငံ နယ်စပ်တိုက်ပွဲများအရေး၊ RSO ကိစ္စစသည်တို့ အဓိကလွှမ်း မိုးဖွယ်ရှိကြောင်း မြန်မာနယ်ခြား စောင့်တပ် အရာရှိများက ပြော ကြားသည်။
ကျဆုံးသွားသည့် တပ်ကြပ် မိုဟာမက် မီဇာနူးရာမန် ဆိုသူ အား မြန်မာဘက်က ဖမ်းဆီးသွား ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဘက်က စွပ်စွဲထားချက်ကို မြန်မာ အစိုးရက မေလ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင်  ငြင်းဆိုထားသည်။ ဘင်္ဂလားဒေ့ရှ် ဘက်က နယ်ခြားစောင့်တပ်ဖွဲ့မှ အရာရှိဟု ရည်ညွှန်းသောသူ သည် ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်ဖွဲ့၏ ယူနီဖောင်းဝတ် ဆင်ထားသူများ မဟုတ်ဘဲ မြန်မာပိုင်နက်အတွင်းသို့ ၀င်ရောက်ခဲ့ သည့် မသင်္ကာဖွယ် ပိုင်နက်ကျူး ကျော်လာသူသာဖြစ်ကြောင်း တုံ့ ပြန်သည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောကြားချက်များ မမှန်ကန်ကြောင်း မြန်မာအစိုးရ သတင်းထုတ်ပြန်


ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မေလ ၃၀ ရက်က ကင်းလှည့်နေသည်ကို တွေ့ရစဉ် (THEDAILYSTAR)
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်နယ်စပ်၌ဖြစ်ပွားနေသော ပြဿနာနှင့်ပတ်သက်၍ မြန်မာအစိုးရက ပထမဆုံးအကြိမ်သတင်းထုတ်ပြန်ချက်ကို ဇွန်လ ၁ ရက်တွင်ထုတ်ပြန်လိုက်သည်။
နယ်စပ်၌ဖြစ်ပွားခဲ့သောပြဿနာများနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောကြားချက်များ မမှန်ကန်ဘဲ၊ မြန်မာနိုင်ငံက မိမိ၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကိုထိပါးလျှင် လုံးဝလက်ခံမည်မဟုတ်သလို နှစ်နိုင်ငံအကြားရှိရင်းစွဲချစ်ကြည်ရေး၊ အိမ်နီးချင်းကောင်းဆက်ဆံရေးတို့ကို အခြေခံ၍ သံတမန်နည်းလမ်းအရ ငြိမ်းချမ်းစွာညှိနှိုင်းဆောင်ရွက်သွားမည်ဟုဖော်ပြထားသည်။
မေလ ၂၈ ရက်နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်မောင်တောမြို့နယ် မိုင်တိုင်အမှတ် ၅၁ နှင့် ၅၂ အကြား မြန်မာပိုင်နက်အတွင်း နယ်စပ်ခြံစည်းရိုးဘက် ပေ ၈၀ ခန့်အကွာသို့ အဝါရောင်ပြောက်ကျားယူနီဖောင်းဝတ်ဘင်္ဂါလီ နှစ်ဦး ချဉ်းကပ်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့က လက်နက်ငယ်ဖြင့် ပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ဘင်္ဂါလီတစ်ဦးသေဆုံးပြီး သေနတ်တစ်လက်နှင့် ခဲယမ်းများဖမ်းမိခဲ့သည်။ ကျန်တစ်ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ပြေးသွားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ဘက်မှ နယ်ခြားစောင့်တပ်ဖွဲ့ကင်းလှည့်စဉ် မြန်မာဘက်က စတင်ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့တပ်ဖွဲ့မှ တပ်ကြပ်မိုဟာမက်မီဇာနူရာမန်အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စွပ်စွဲသည်။ အမှန်တွင် ပိုင်နက်ကျော်ဝင်ရောက်လာ၍ပစ်ခတ်ခြင်းဖြစ်ပြီး ၎င်းတို့က နယ်ခြားစောင့်တပ်ဖွဲ့ဟုပြောသော်လည်း ပိုင်နက်ကျူးကျော်လာသူနှစ်ဦး၏ယူနီဖောင်းမှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့၏ ယူနီဖောင်း မဟုတ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရက အဆိုပါဖြစ်ရပ်အပေါ် မေလ ၂၈ ရက်တွင် သံတမန်စာပေးပို့ခဲ့သည်။
ထို့အပြင် မေလ ၃၀ ရက်ညနေတွင် နယ်နိမိတ်မှတ်တိုင် ၅၀ အနီး၌ နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များကြား မိနစ် ၂၀ ခန့်ကြာပစ်ခတ်မှု ဖြစ်ပွားသည်။ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီအလောင်းအား ပြန်လည်လက်ခံရယူရန် နယ်နိမိတ်မှတ်တိုင်အမှတ် ၅၀ တွင်စောင့်ဆိုင်းစဉ် မြန်မာဘက်မှ စတင်ပစ်ခတ်ခဲ့သည်ဟု စွပ်စွဲသည်။
အသေဖမ်းဆီးရမိသောအလောင်းကို မေလ ၃၀ ရက်တွင်အခင်းဖြစ်ပွားသည့်နယ်နိမိတ်မှတ်တိုင်အမှတ် ၅၂ အနီး လာရောက်ထုတ်ယူရန် အကြောင်းကြားခဲ့ခြင်းသာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့က မိုင်တိုင်အမှတ် ၅၀ အနီး၌စောင့်ဆိုင်းသည်ဆိုခြင်းမှာ ဆီလျော်မှုမရှိဘဲ မြန်မာဘက်မှစတင်ပစ်ခတ်ခဲ့ခြင်းမရှိပါ။
ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်သံတမန်စာများတွင်ဖော်ပြထားသည့်အချက်အလက်များသည် လက်တွေ့ဖြစ်ပွားခဲ့သည်နှင့် လုံးဝကွဲလွဲနေသောကြောင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၃၁ ရက် နံနက် ၁၀ နာရီခွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကိုခေါ်ယူ၍ ဘင်္ဂလားဒေ့ရှ်မှပြောကြားချက်များမမှန်ကန်ကြောင်း ငြင်းဆိုဖော်ပြထားသည့် သတိထောက်လွှာကိုပေးအပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons