နေပြည်တော်၊ မဇ္ဈိမ။ ။ ခုံသမာဓိကောင်စီ၏
ဆုံးဖြတ်ချက်ကိုအတိုင်း မလိုက်နာသည့် စက်ရုံပိုင်ရှင်များနှင့်
အလုပ်ရှင်များကို အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် အလုပ်သမားရေး
အငြင်းပွားမှုဖြေရှင်ရေး ဥပဒေကို ပြင်ဆင်ရန် လွှတ်တော်သို့
တင်ပြထားပြီးဖြစ်သည်ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံးရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးထင်အောင်က မဇ္ဈိမကိုပြောသည်။
"ခုံသမာဓိက ဆုံးဖြတ်လိုက်တာကို မလုပ်တဲ့ အလုပ်ရှင်တွေကို
အရေးယူတော့မှာပါ။ အရေးယူနိုင်တဲ့ ဥပဒေကို ပြင်ဖို့ လွှတ်တော်ကို တင်ထားတယ်။
လွှတ်တော်ကဆုံးဖြတ်ပြီး လုပ်မှာပါ။ မလိုက်နာရင် အရေးယူမှာပါ” ဒုတိယဝန်ကြီး
ဦးထင်အောင်ကပြောသည်။အလုပ်သမားရေးရာ အငြင်ပွားမှု ဖြန်ဖြေရေးဥပဒေတွင် အလုပ်ရှင်ကို အရေးယူနိုင်သည့် ပုဒ်မများ ထည့်သွင်းထားခြင်းမရှိပေ။ ခုံသမာဓိက အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက် ပေးလိုက်လျှင်လည်း အလုပ်သမားများကိုယ်စား မည်သည့်ဦးစီးဌာနက အရေးယူဆောင်ရွက်ပေးမည်ကို မသိရှိပေ။
အရေးယူဆောင်ရွက်ပေးနိုင်သော အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်ရုံ စက်ရုံစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားဆက်ဆံရေး ဦးစီးဌာနှင့် လူမှုဖူလုံးရေးဦးစီးဌာန လေးခုတွင်လည်း အရေးယူပေးရန် တိတိကျကျ ထုတ်ပြန်ထားခြင်း မရှိသလို မည်သည့် ဦးစီးဌာနက တာဝန်ယူမည်ကိုလည်း မသိရှိရဟု အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးဌေးက "ကျွန်တော်တို့ လိုက်ပေးနေတာ နှစ်မှုရှိတယ်။ တစ်ခုကတော့ အလုပ်ရှင်ကို အရေးယူဖို့ ခုံသမာဓိက မေ ၂၆ ရက်က ဆုံးဖြတ်လိုက်တယ်။ ဘယ်လိုအရေးယူပေးမလဲဆိုတော့ မသိရသေးဘူး။ မြန်မာယူနစ် အထည်ချူပ်စက်ရုံးကို အရေးယူဖို့ ဆုံးဖြတ်ပေးလိုက်တာ” ဟု ပြောသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးခုံသမာဓိက အလုပ်သမားအလုပ်ရှင် အငြင်းပွားမှုဖြစ်ပွားပြီး အလုပ်ထုတ် ခံရသည့် အလုပ်သမားများကို စက်ရုံပိုင်ရှင်များက ပြန်လည်ခန့်အပ်ရန် ဆုံးဖြတ်ချက် ချမှတ်ပေးသော်လည်း အလုပ်ရှင်များက လိုက်နာမှုမရှိပေ။
မြန်မာနိုင်ငံအလုပ်သမားသမ္မဂ္ဂ အဖွဲ့ချူပ်(ယာယီ)မှ ဥက္ကဋ္ဌ ဦးအောင်လင်းက "ခုံသမာဓိကို အလုပ်ရှင်ကမလာဘူးဆိုရင် အရေးယူလို့ရတယ်။ မြို့နယ်အလုပ်သမား စစ်ဆေးရေး အရာရှိတွေက အရေးယူပေးရမှာဖြစ်တယ်။ ဒါပေမယ့် သူတို့အရေးယူပေးမှုတွေ ပျက်ကွက်တယ်” ဟု မဇ္ဈိမကိုပြောသည်။
ခုံသမာဓိအဖွဲ့ကို သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်ရှိ အလုပ်သမားကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စားလှယ်၊ အစိုးရဝန်ကြီးဌာန ကိုယ်စားလှယ် အပါအဝင် ပညာများပါဝင်ကာ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေအရ တရားဝင် ဖွဲ့စည်းပေးခြင်းဖြစ်သည်။ ခုံသမာဓိ ကောင်စီကိုလည်း အထက်ပါအတိုင်း ဗဟိုအဆင့် ဖွဲ့စည်းပေးခြင်းဖြစ်သည်။
0 မှတ်ချက်ပေးရန်:
Post a Comment