Friday, June 20, 2014

ရန်ကုန်မြို့ရှိ အိမ်ငှားဈေးနှုန်းများကို အောက်ခြေအထိဆင်း၍ အခွန်ဌာနမှ ညှိနှိုင်းပေးမည်



21 June 2014 

 ရန်ကုန်မြို့ရှိ အိမ်ငှား၊ မြေငှား လုပ်ကိုင်နေသော ဈေးနှုန်းများကို အောက်ခြေအထိ ဆင်း၍ သင့်တော်သော နှုန်းထားဖြင့် အခွန်ဌာနမှ ညှိနှိုင်းပေး သွားမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန မှ သတင်း ရရှိသည်။ ဘေးပတ်ဝန်းကျင်ရဲ့ ပြော စကားကို နားထောင်မယ်။ ပြီးရင် အောက်ခြေအထိ ဆင်းပြီး လျှို့ဝှက် စုံစမ်းမယ်။ နောက်ပိုင်း ပိုင်ရှင်တွေ အခွန်လာဆောင်တဲ့ အခါမှာ နှစ်ဖက် အဆင်ပြေ စေဖို့ သင့်တော်တဲ့ နှုန်းထားကို မြို့နယ်အလိုက်သတ်မှတ်ပေးသွားမယ်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းလွင်စိုးက The Messenger သတင်းစာ သို့ပြောသည်။ ယင်း ကဲ့သို့ ဆောင်ရွက်နိုင်ရန် အတွက် မြို့နယ် အလိုက် အထွေထွေ အုပ်ချုပ်ရေးမှူးများ၊ အခွန်ဘုတ်အဖွဲ့မှ ၀န်ထမ်းများ၊ စည်ပင်သာယာရေး အဖွဲ့များ နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံး ပူးပေါင်းကာ လာမည့်လ မှစတင်၍ ကွင်းဆင်း လေ့လာမည်ဖြစ်ကြောင်း ၎င်း က ပြောသည်။ လက်ရှိတွင် နိုင်ငံတော် အစိုးရမှ ၀န်ထမ်း များ၊ အခြေခံလူတန်းစားများအတွက် အိမ်ရာ ပိုင်ဆိုင်မှု များပြားလာစေရန် တန်ဖိုးနည်း အိမ်ရာများ ဖော်ဆောင်ပေးနေ သော်လည်း အခြေခံ လူတန်းစားများ အိမ်ပိုင် ၀ယ်ယူနိုင်ရန် အလှမ်းဝေးနေသေးသည်။ အစိုးရက ကြားဝင်ပြီး သတ်မှတ် ပေးမယ် ဆိုရင်တော့ အားလုံး အတွက် အဆင်ပြေတယ်။ အခုဟာက အရပ်ပွဲစားတွေရဲ့ စကားနဲ့ တင်ဈေးတွေ အဆမတန်တက် နေတော့ ငှားမယ့် သူလည်း မငှားနိုင်ဘူး။ အိမ်ရှင်တွေ အတွက်လည်း အလုပ်မဖြစ်ဘူး။ အခုလို သတ်မှတ်မယ်ဆိုရင်တော့ အဆင်ပြေသွားတာပေါ့ ဟု ရှမ်းနဂါးအိမ်ခြံမြေ အကျိုးဆောင်မှ ကိုအောင်က The Messenger သတင်းစာသို့ ပြောသည်။ လ.၀.က၏ မြေပြင် သန်းခေါင်စာရင်း ကောက်ယူမှု အရ အဆိုပါ အိမ်ငှား နေထိုင်သူများသည် ရန်ကုန်မြောက်ပိုင်းခရိုင်၊ အရှေ့ပိုင်း ခရိုင်တို့တွင် အများဆုံး တွေ့ရကြောင်း သိရသည်။ ရန်ကုန်မြို့တွင် နေထိုင်သူ လူဦးရေ (၇ ဒသမ ၉) သန်းတွင် ငှားရမ်းနေထိုင်သူ လူဦးရေ တစ်သန် ကျော်ရှိကြောင်း လူဝင်မှုကြီး ကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။ ထို့အပြင် အိမ်ငှား၊ မြေငှား ဈေးနှုန်း များအပေါ် အခွန်ကောက်ခံရာ တွင်လည်း တစ်နှစ်တာ ၀င်ငွေ နှင့် ကုန်ကျစရိတ်ကို တွက်ချက်ပြီး၊ ကျန်ရှိသော ၀င်ငွေမှ ရာခိုင်နှုန်း တွက်ချက်ကာ အခွန်ပေးဆောင် စေရန် ယခုလမှ စတင် စီစဉ် သွားမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

 ဇင်သူထွန်း
The Messenger

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons