Sunday, April 27, 2014

ရထားလမ်းတစ်လျှောက် ဖိုင်ဘာဆက်ကြောင်းနဲ့ တာဝါတိုင်အတွက် ကုမ္ပဏီတွေကို တင်ဒါခေါ်




ရန်ကုန်-မန္တလေး မီးရထားလမ်းတစ်လျှောက်မှာရှိတဲ့ ဖိုင်ဘာဆက်ကြောင်းကို ပြုပြင်ထိန်းသိမ်းပြီး ဆက်သွယ်ရေး အော်ပရေတာတွေကို ငှားရမ်းဖို့အတွက် အပြီးအစီးတာဝန်ယူလုပ်ကိုင်မယ့် ကုမ္ပဏီကို ရထားပို့ဆောင်ရေးဝန်ကြီးဌာနက တင်ဒါခေါ်လိုက်ပါပြီ။ ဆက်သွယ်ရေးကဏ္ဍရဲ့ အဓိကအသက်သွေးကြောကို မီးရထားဌာနက ဘယ်လိုတာဝန်ယူလုပ်ကိုင်မှာလဲ။

လာမယ့် မေလ ၂၇ရက်နေ့ နောက်ဆုံးထား ခေါ်ယူမယ့် တင်ဒါဟာ အဆင့် ၃ဆင့်ပါဝင်ပြီး ပထမအဆင့်ကတော့ လက်ရှိရှိပြီးသား Fiber Optic Cable ဆက်ကြောင်းကို ပြုပြင်ပြီး ငှားရမ်းမှာဖြစ်ပါတယ်။ ဒုတိယအဆင့်ကတော့ ဆက်သွယ်ရေး အော်ပရေတာတွေအတွက် တာဝါတိုင်ထောင်ဖို့ မြေယာအရှုပ်ရှင်းပြဿနာကို ဖြေရှင်းဖို့ ရထားလမ်းပိုင်မြေတွေမှာ တာဝါတိုင်ထောင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ဆုံးအဆင့်ကတော့ တစ်နိုင်ငံလုံးမှာ ဆက်သွယ်ရေး Fiber Optic Cable တွေဖြန့်ဖို့ ရင်းနှီးမြှုပ်နှံသူကို ရှာဖွေသွားမှာဖြစ်တယ်လို့ မြန်မာ့မီးရထားရဲ့ စီမံကိန်းဒါရိုက်တာ ဦးဘမြင့်က ဆိုပါတယ်။

မီးရထားလမ်း ဘေးညာတစ်ဖက်စီမှာ ၇၅ပေရှိပြီး မိုင် ၄၈ဝဝ စုစုပေါင်းရှိတဲ့ ရထားဝန်ကြီးဌာနပိုင်မြေပေါ်မှာ ဖိုင်ဘာဆက်ကြောင်း Backbone ကို မြှုပ်နှံနိုင်မှာဖြစ်ပြီး အရှုံးပေါ်နေတဲ့ မီးရထားလုပ်ငန်းအတွက် ဝင်ငွေကာမိနိုင်မှာဖြစ်တယ်လို့ ဝန်ကြီး ဦးသန်းဌေးက ဧပြီ ၂၇ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

စီမံကိန်း ပထမအဆင့်က ၄လကြာမြင့်မှာဖြစ်ပြီး ဒုတိယအဆင့်နဲ့ တတိယအဆင့်ကို နောက်ပိုင်းမှ အသေးစိတ် ထုတ်ပြောနိုင်မယ်လို့ ဆိုပါတယ်။ ဒီ တင်ဒါခေါ်တဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်ဘူတာကြီးမှာ ကျင်းပခဲ့တာဖြစ်ပြီး ဆက်သွယ်ရေး အော်ပရေတာတွေအနေနဲ့ မြန်မာ့မီးရထားပိုင်မြေပေါ်က ဖိုင်ဘာဆက်ကြောင်းကို ငှားရမ်းသုံးစွဲနိုင်သလို မြေပေါ်မှာလည်း တာဝါတိုင် ဆောက်နိုင်မယ်လို့ ဆိုပါတယ်။

နိုင်ငံတကာမှာလည်း ရထားနဲ့ဆက်စပ်တဲ့မြေတွေမှာ ဖိုင်ဘာဆက်ကြောင်း Backbone တွေ တည်ဆောက်သလိုပဲ လုပ်ကိုင်တာဖြစ်ပြီး ပြည်တွင်းပြည်ပ ကုမ္ပဏီတွေအားလုံး တင်ဒါလျှောက်နိုင်သလို တင်ဒါနိုင်တဲ့ကုမ္ပဏီကိုလည်း ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်နိုင်ဖို့ ရထားဝန်ကြီးဌာနက ကူညီသွားမယ်လို့ ဆိုပါတယ်။

Kamayut Media

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons