Friday, April 25, 2014

ဗိုလ်ချုပ်မှူးကြီးဟောင်း အငြိမ်းစားလစာ သမ္မတလစာ၏ ၂ ဆ ရှိ





အနားယူသွားပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၂၀၁၁ ခုနှစ် မတ်လကုန်က စပြိး ပင်စင်လစာအဖြစ် ၁ လ ကျပ် သိန်း ၁၀၀ ခံစားနေတဲ့အပြင် အငြိမ်းစားယူစဉ်ကာလက နိုင်ငံရေးဆုငွေအဖြစ် ကျပ် သိန်း ၂၃၀၀ ရရှိခဲ့တယ်လို့ ဆောင်းပါးရှင် အောင်ထွန်းလင်းက ဒီနေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်မှာ ရေးသားဖော်ပြပါတယ်။
အလားတူ အငြိမ်းစား ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးဟာ လည်း ပင်စင်လစာ ၁ လ ကျပ် သိန်း ၈၀၊ နိုင်ငံရေးဆုငွေ ကျပ် သိန်း ၁၈၄၀ ရရှိခဲ့တယ် လို့ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ စစ်အစိုးရအဖွဲ့ဟာ သူတို့ တာဝန်ကနေ အနားမယူခင် လက်ရှိ တာဝန်ယူမယ့် အစိုးရအဖွဲ့ ခံစားနိုင်မယ့် လစာဥပဒေ ပြဋ္ဌာန်းပေးခဲ့ပြီး အဲဒီ ဥပဒေထဲမှာ သမ္မတ ကို လစာ ကျပ် သိန်း ၅၀ ခံစားခွင့်ပြုထားခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဟာ ကုန်လွန်ခဲ့တဲ့ အစိုးရသက်တမ်း ၃ နှစ်တာ ကာလ အတွင်း ၁ လ လစာ ကျပ် ၁၅ သိန်းပဲ ရယူခဲ့ပြီး အခု ဧပြီလ ဘဏ္ဍာရေးနှစ် ကျမှသာ ၁ လ ကျပ် သိန်း ၅၀ ခံစားမယ်လို့ သိရပါတယ်။

DVB Burmese

အကယ်ဒမီလူမင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌတာဝန်မှ အနားယူမည်


lu minj
၂၀၁၄-၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြန်လည်ရွေးချယ်မယ့် အမှုဆောင်နေရာမှာ ၀င်ရောက် အရွေးချယ်ခံတော့မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ဒီဗွီဘီကို ပြောဆိုပါတယ်။
အခုလို ပြန်လည်အရွေးချယ်မခံချင်တာဟာ တခြားဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေကြောင့် မဟုတ်ဘဲ သရုပ်ဆောင်အလုပ်ကိုပဲ အချိန်ပေးပြီး လုပ်ချင်လို့ဖြစ်ကြောင်း ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးလူမင်းက ပြောပါတယ်။
ရုပ်ရှင်အစည်းအရုံး အမှုဆောင်နေ ရာ ရွေးချယ်ပွဲကိုတော့ ဘယ်အချိန်မှာ စမယ်ဆိုတာ မသိရသေးပါဘူး။
ဒါရိုက်တာကြည်စိုးထွန်း ကတော့ ရုပ်ရှင်လောက အလွှာအသီးသီး က ကော်မရှင် အဖွဲ့တွေ ခေါ်ထားတဲ့ အဆင့်ပဲရှိသေးပြီး နာယကတွေ နဲ့ ရွေးချယ်တာမျိုးမဟုတ်ဘဲ အများဆန္ဒပဲ သွားမယ်လို့ ပြောပါတယ်။
မဲပေးမယ့် လူစာရင်းတွေ၊ အရွေးချယ်ခံပိုင်ခွင့် ရှိတဲ့လူစာရင်းကိုလည်း အများသဘောတူ ရွေးချယ်ဖို့အတွက် ညှိနှိုင်းမှုတွေ လုပ်ရဦးမှာဖြစ်သလို အဲ့ဒီစာရင်းတွေကိုလည်း အသိးပေးကြေညာသွားမယ်လို့ ဆိုပါတယ်။
ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ နေရာအတွက် အချိန်ပေးနိုင်တဲ့၊ တက်ကြွတဲ့ လူတွေ ဖြစ်နိုင်ရင်တော့ ကောင်းတယ်လို့ ဦးကြည်စိုးထွန်းက ပြောပါတယ်။
အလားတူ ဒါရိုက်တာကြည်ဖြူသျှင်ကလည်း အမှုဆောင်သစ် ဘယ်သူတွေ ဖြစ်လာမလဲဆိုတာ မပြောနိုင်သေးပေမယ့် ရုပ်ရှင်လောကအတွက် အကျိုးရှိတဲ့ အလုပ်တွေ လုပ်နိုင်တဲ့ လူမျိုး ဖြစ်စေချင်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အမှုဆောင်အဖွဲ့ကို ရုပ်ရှင်လောကသား အများစုရဲ့ ဆန္ဒနဲ့ ၂၀၁၂ ဧပြီလ ၁၀ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဥက္ကဋ္ဌရာထူးကို ဦးလူမင်းမတိုင်ခင် ဦးဇင်ဝိုင်းက တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။
DVB

အချုပ်သားကို ရိုက်သည့် ဒုရဲအုပ် ၂ ဦးနှင့် တပ်ဖွဲ့ဝင် ၂ ဦးကို လူသတ်မှုဖြင့် ထောင်၁၀နှစ် ချမှတ်


ရန်ကုန်၊ မဇ္ဈိမ။ ။ ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိ နှစ်ဦးနှင့် ရဲတပ်သား ၂ ဦးတို့ကို တောင်ငူခရိုင် တရားရုံး (၁)က ဧပြီ ၂၅ရက်တွင် လူသတ်မှု ထင်ရှားခဲ့သဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်သည်ဟု အသတ်ခံရသည့် လူငယ်၏ အစ်မဖြစ်သူ မမြင့်ခက်ခက်မွန်က မဇ္ဈိမသို့ ပြောသည်။

၎င်းတို့ ၄ ဦးမှာ လူသတ်မှု ကျူးလွန်ကြောင်း ထင်ရှားသဖြင့် ခရိုင်တရားသူကြီး မောင်မောင်အေးက အထက်ပါအတိုင်း အမိန့်ချမှတ်ခဲ့သည်ဟု ဆိုသည်။

“ သားတစ်ယောက်ဆုံးရှုံးပြီး အစားထိုးလို့မရလို့ မကျေနပ်ပေမယ့်လည်း နိုင်ငံတော် တရားဥပဒေက ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးတဲ့အတွက် ကျေနပ်ပါတယ်” ဟု အသတ်ခံခဲ့ရသူ၏ မိခင် ဒေါ်သန်းကျင်က
ဆိုသည်။

အဆိုပါ အမှုမှာ ဖြူးမြို့နယ်တွင် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁ ရက် ညက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လောကနတ် စားသောက်ဆိုင်မှ အရက်သောက်ပြီး ဆိုက်ကားဖြင့် ပြန်လာသည့် မောင်လင်းလင်ထက်
(၂၄)နှစ်ကို ရဲတပ်ဖွဲ့ဝင်များက စစ်မေးရာတွင် မချေမငံပြောဆိုသည်ဟု ဆိုကာ လက်ထိပ်ခက်၍ ရဲစခန်းတွင်းသို့ ဖမ်းဆီးပြီး ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် ပြစ်မှုကျူးလွန်ခဲ့သည့် ဒုရဲအုပ် သူရိန်ဆန်းကို အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်၊ ဒုရဲအုပ် ဝင်းတင့်ကို ရာထူး တစ်ဆင့် လျော့ချပြီး၊ တပ်ကြပ်ကြီး အုန်းလွင်နှင့် တပ်သား မင်းကိုလတ်တို့ကို
ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခြင်းဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် ကနဦး အရေးယူမှု ပြုလုပ် ခဲ့သည်။

ထို့နောက် အရပ်ဘက်ဥပဒေဖြင့်ပါ တရားစွဲဆိုပြီး တစ်နှစ်ခွဲအကျော်အကြာ ရုံးချိန်းပေါင်း ၄၆ ချိန်းအပြီးတွင် အထက်ပါအတိုင်း အလုပ်နှင့် ထောင်ဒဏ် ၁၀နှစ်စီ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တရားသူကြီးက ဒုရဲအုပ် သူရိန်ဆန်းကို ပုဒ်မ ၃၀၂(၂) ဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်၊ ဒုရဲအုပ် ဝင်းတင့်ကို ပုဒ်မ ၃၀၂ (၂)/၁၁၄ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်နှင့် တပ်ကြပ်ကြီး အုန်းလွင်နှင့်
တပ်သား မင်းကိုလတ် တို့အား ပုဒ်မ ၃၀၂(၂)/၁၁၄ တို့ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ ချမှတ်လိုက်ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းကလည်း ဧရာဝတီတိုင်းဒေသကြီးတွင် ခိုးမှုဖြင့် သံသယရှိ ဖမ်းဆီးခံရသည့် အမျိုးသမီးတစ်ဦး လက်ထိပ်နောက်ပြန်ခက်လျက်ဖြင့် ရဲတပ်ဖွဲ့ဝင်များ၏ ရှေ့မှာပင် မြစ်တွင်းသို့
ခုန်ချသေဆုံးခဲ့သည်။

ထို့ပြင် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းကလည်း လူသတ်မှုဖြင့် သံသယရှိ ဖမ်းဆီးစစ်ဆေးခံရသည့် အမျိုးသားတစ်ဦး ရိုက်နှက်စစ်ဆေးခံရမှုများကြောင့် သေဆုံးခဲ့ရသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကိုယ်တိုင် ဥပဒေလိုက်နာမှု မရှိခဲ့ဟု ဝေဖန်းမှုများလည်း ရှိခဲ့သည်။

ဇော်ဇော်ထွေး

Mizzima - News in Burmese

အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်





ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၅)

သူသူထက်လွင် ရေးသားသည်။

ရှေ့မြန်မာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ကြီးတွင် အ ရှက်အကြောက် မာန်မာနကြီးသော မိဖုရား တစ်ဦး၏ သမိုင်းတင်ရသောအဖြစ်အပျက်များ
ရှိခဲ့ပြီး ယင်းအဖြစ်အပျက်များမှာ ကာလကြာရှည်လာ သောအခါ ပုဂံခေတ် သမိုင်းပုံပြင်လေးတစ်ပုဒ်အဖြစ် ကျန်ရှိနေခဲ့ပါသည်။

အဆိုပါပုံပြင်လေးသည် ပုဂံခေတ်တွင် ပေါ်ပေါက် လာခဲ့ကာ ရှေးအမျိုးသမီးတစ်ဦး၏ မာန်၊ သိက္ခာ၊ မာန တွေပေါ်လွင်စေသော ''အရှက်ကြီးသောမိဖုရားစောလုံ နှင့် ကျီစားသန်သောဘုရင်နရသီဟပတေ့'' ပုဂံခေတ်သမိုင်း ပုံပြင်ကို လေ့လာဖော်ပြပေးမှာဖြစ်ပါသည်။

''မိဖုရားစောလုံအကြောင်းကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်လိုပါပဲ။ ပုဂံခေတ်၊ မှန်နန်းရာဇဝင်ထဲမှာ ရှိနိုင်ပါတယ်''ဟု ရှေးဟောင်းသုတေ သနပညာရှင် ဒေါက်တာပြည့်ဖြိုးကျော်က ပြောပြသည်။
ရှေးမြန်မာတို့၏ဂုဏ်ယူစရာ ပုဂံပြည်တွင် နရသီဟ ပတေ့မင်းကြီး အုပ်စိုးစဉ်ကာလ၊ နရသီဟပတေ့မင်းတွင် ငယ်ရွယ်လှပပြီး မာန်မာနကြီးသော မိဖုရားငယ်တစ်ပါး ရှိသည်။ သူမနာမည်မှာ စောလုံဖြစ်ပြီး နရသီဟပတေ့မင်း ၏ချစ်ခင်မှုကို အများဆုံးရရှိထားသူတစ်ဦးလည်းဖြစ်သည်။

ပုဂံပြည်တွင် နွေရာသီရောက်တိုင်း ရေသဘင်ပွဲတော်၊ ရေဖျန်းကစားလေ့ရှိပြီး နန်းတော်မှ မြစ်ဆိပ်အထိ လူမမြင် အောင် အမိုးအကာအပြည့်ကာရံပြီး မြစ်ဆိပ်မှာလည်း မင်းတဲဆောက်ကာ ရေကစားလေ့ရှိကြသည်။

ရှင်ဘုရင်နှင့်အတူ မောင်းမမိဿံတွေ အစုံအလင်ဖြင့် ရေသဘင်ပွဲတော်ကို နှစ်တိုင်းကျင်းပလေ့ရှိကြရာ ရေ သဘင်ပွဲတော်ကျင်းပသောနေ့တစ်နေ့တွင် နရသီဟပတေ့ မင်းသည် သူချစ်ရသောမိဖုရားစောလုံအား သင်္ကြန်ပွဲတော် သို့ လာရောက်ရေကစားရန်ဖိတ်ခေါ်သည်။

အစအနောက်သန်သော နရသီဟပတေ့မင်းသည် မိဖုရားစောလုံအား တစ်ကိုယ်လုံး ဦးခေါင်း၊ ဆံစတွေ ရွှဲစို အောင် မောင်းမမိဿံတစ်ယောက်ကို နှုတ်ထည့်(တိတ် တဆိတ်မှာကြား)၍ လောင်းရန် တိတ်တဆိတ်မိန့်ကြား ထားသည်။

''မိဖုရားစောလုံတစ်ယောက်တည်းကို တစ်ကိုယ်လုံး စိုရွှဲပြီး ယိမ်းယိုင်အောင် မောင်းမတစ်ယောက်ကို ဘုရင် က လောင်းခိုင်းလိုက်တယ်။ ဒါကြောင့်မို့ မိဖုရားကရှက်ပြီး ဘုရင်ကို အဆိပ်ခတ်ပြီးလုပ်ကြံတယ်လို့သိရပါတယ်''ဟု ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် ဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါ်မော်မော်အေးကပြောပြသည်။

မိဖုရားစောလုံမှာ မျက်စိ၊ မျက်နှာ၊ ဦးခေါင်းဆံစတွေ အားလုံး ရွှဲရွှဲစိုရုံသာမက ဝိုင်းဝန်းကျီစားပြီးပက်လိုက်တဲ့ ရေဒဏ်တွေကြောင့် ရေမွန်းပြီးလဲပြိုမတတ်ယိုင်ထိုးသွား ပါသည်။ မောင်းမမိဿံတွေအလယ်မှာ အဲဒီလိုယိုင်ထိုး သွားတဲ့အဖြစ်အပျက်ကို နရသီဟပတေ့ကမြင်ပြီး လှောင် ပြောင်ကာ တဟားဟားနဲ့ရယ်ဖွဲ့ဖွဲ့ရာ ဘုရင်ကစပြီးရယ် မောလှောင်ပြောင်တဲ့အတွက် နန်းတော်တစ်ခုလုံးရှိ မောင်း မမိဿံအားလုံးကလည်း မိဖုရားကို မလေးစားတော့ဘဲ ဝိုင်းဝန်းပြီး ရယ်မောတာကိုခံလိုက်ရသည်။

ဣနြေ္ဒသိက္ခာတရားနဲ့ တစ်သက်လုံးနေလာတဲ့ စော လုံမှာ ရှက်လည်းရှက်၊ ဒေါသလည်းထွက်သွားပြီး အခွင့် သာတဲ့တစ်နေ့မှာ လက်စားချေဖို့ တေးမှတ်ထားပါသည်။

မင်းကြီးသည် မြတ်စွာဘုရား၏ဗျာဒိတ်အရ ဘီလူးမှ လူသားဖြစ်လာသူဖြစ်၍ အမျက်မာန်မာနကြီးသူတစ်ဦး ဖြစ်ပြီး စက်တော်ခေါ်ချိန်နိုးထလာစမှာ ဆုပ်ကိုင်မိတဲ့ အရာတွေနဲ့ မောင်းမတွေကို ပစ်ပေါက်လေ့ရှိပါသည်။ ဒါကြောင့်မို့ မိဖုရားကြီးဖွားစောက မောင်းမတွေသက်သာ အောင် လက်နက်တွေကိုဖွက်ထားပြီး လုမ္ဗိနီသီးထားပေး ထားရသည်။

အဲဒီအသီးနဲ့ကောက်ပေါက်လိုက်တာ မောင်း မတစ်ဦး ခါးရောင်ရမ်းသွားတဲ့အတွက် ခရမ်းသီးလို့ခေါ် တွင်ခဲ့ကြောင်း မှန်နန်းရာဇဝင်တွင်ဖော်ပြထားသည်။

မင်းကြီး၏ထူးခြားချက်မှာ ဗျာဒိတ်အရ ဆနဝုတိ ရောဂါမရှိသဖြင့် ချေခြင်းသမ်းခြင်းလုံးဝမရှိပေ။ နန်းတော် တွင် ချေသော သမ်းသောသူများကိုလည်း မကြိုက်သော ကြောင့် မချေ၊ မသမ်းရဘဲရှိရာ မိဖုရားကြီးဖွားစော၏နား ချမှုနဲ့ ချေခြင်း၊ သမ်းခြင်းသည် လူတိုင်းဖြစ်သောအရာဖြစ် ကြောင်း နရသီဟပတေ့မင်း သဘောပေါက် နောင်တရ ခဲ့သည်။

နရသီဟပတေ့မင်း(မင်းခွေးချေး)တွင် မိဖုရားကြီး ဖွားစောနှင့် မိဖုရားငယ်ငါးဦးဖြစ်တဲ့ မိဖုရားစောလုံ၊ စော နန်း၊ ရှင်ဘား၊ ရှင်မောက်၊ ရှင်ရွှေတို့က ခစားလျက်ရှိကြ သည်။ မိဖုရားများ တစ်ယောက်တစ်လှည့်စီ ပွဲတော်အုပ် ဆက်သစေရာ မိဖုရားစောလုံ အလှည့်ကျရောက်သော အခါ မိဖုရားစောမောက်(ရှင်မောက်)ကို 'စောမောက် ငါ ကိုယ်မကျန်းလို့ ငါ့ကိုယ်စား မင်းကြီးကိုပွဲတော်အုပ်ဆက် သချေ'လို့ပြောပြီး အငြိုးအတေးများကြောင့် ပွဲတော်အုပ် ထဲတွင် ဆေး(အဆိပ်)ထည့်ပြီး ဆက်သလိုက်သည်။

နရသီဟပတေ့မင်း သည် ပွဲတော်မတည်ခင် မှာ မွေးထားသောခွေးလေး သည် စားတော်ပွဲအောက်မှ ချေလိုက်သောကြောင့် စား တော်မခေါ်သေးဘဲ ခွေး ကို အရင်ကျွေးရာ ခွေးမှာ အဆိပ်မိ၍ သေဆုံးသွား ရာမှ ပွဲတော်အုပ်ထဲမှာ အဆိပ်ပါမှန်းသိသွားသဖြင့် မိဖုရား စောမောက်ကို ဆင့်ခေါ်စေသည်။ စောမောက်(ရှင်မောက်) က မိဖုရားစောလုံ မကျန်းမာသဖြင့် သူ့ကိုယ်စားဆက်သ ပေးခြင်းဖြစ်ကြောင်း လျှောက်ထားသောကြောင့် မိဖုရား စောလုံအား စစ်ဆေးမေးမြန်းရာ ''ဟယ်...ပန်းပွတ် သည်မြေး နင့်ကို ငါလုပ်ကျွေးမွေးမြူ၍ ငါ့ကိုသူကောင်းပြု လျှင် ဤသို့သော ကိုယ်ဖြစ်၍ အထင်အရှားရှိပြီးမှ မောင်း ငယ်ကို နှုတ်ထည့်၍ အဝတ်အစားဆံစွတ်အောင် နင်လုပ် သောကြောင့် နင့်ကို နှလုံးထောင့်၍ကြံသည်''ဟု နရသီဟ ပတေ့မင်းရဲ့ ငယ်ကျိုးငယ်နာ ပန်းပွတ်သည်မြေးဆိုတဲ့ စကားကို သုံးနှုန်းပြီးပြောခဲ့သည်။

ဒီစကားကို ဘုရင်ဖြစ်သူက မခံမရပ်နိုင်ဖြစ် သလို သူ့ကိုလည်း လက်တွေ့ကျကျ အဆိပ်ခတ်လုပ်ကြံ သည့် ရာဇဝတ်မှု၊ ပြစ်မှုကို ကျူးလွန်ထားသူဖြစ်သော ကြောင့် သံလှောင်ချိုင့်တွင်းထည့်ကာ ဖိုထိုးကျပ်တင်ကာ သေမိန့်ပေးလိုက်သည်။

ဖိုထိုးကျပ်တင်ရန် ပန်းပဲတစ်ထောင်ခေါ်ယူ၍ သံ ကျပ်စင်လုပ်မည့် သူသတ်တို့ကို မိဖုရားစောလုံက ရွှေငွေ များစွာပေး၍ ခုနစ်ရက်တိုင်တိုင် သံကျပ်စင်လုပ်စေသည်။

မိဖုရားစောလုံသည် ခုနစ်ရက်ပတ်လုံး အဓိဋ္ဌာန်ဝင် ကာ သီတင်းသီလစောင့်တည်ခဲ့ခြင်း၊ အဘိဓမ္မာ တရား တော်နာခြင်း၊ ဘုရားဂုဏ်တော်များရွတ်ပွားခဲ့ပြီး ''မီးသုံး ကြိမ်သေပြီးမှ ငါသည် ခဏချင်းကျွမ်း၍ပျောက်စေသား လို့'' အဓိဋ္ဌာန်ပြုဆုတောင်းခဲ့သည်။ မိဖုရားစောလုံကို မီး တင်ရှို့သောအခါ သူမရဲ့ဆုတောင်းကြောင့် မီးသုံးကြိမ် တိုင်တိုင်ငြိမ်းပြီးမှ သူမအဓိဋ္ဌာန်အတိုင်း ပျောက်ကွယ် သွားတော့သည်။
နရသီဟပတေ့သည် စောလုံကိုသတ်ပြီးနောက် စက် တော်ခေါ်ချိန်တိုင်း ယောင်ယမ်းတမ်းတပြီး စောလုံနာ မည်နဲ့ ''စောလုံ စောင့်ပါ ခလှည့်... စောလုံ စောင့်ပါ ခလှည့်''လို့ နာကျင်ကြေကွဲစွာဖြင့် မြည်တမ်းနေသဖြင့် မိဖုရားကြီးဖွားစောကပဲ ''စောလုံကိုစီရင်ပြီးပါပေါ့''လို့ သတိ ပေးလိုက်တဲ့အတွက် ငါမှားယွင်းသွားပြီဆိုပြီး နောင်တ ကြီးစွာ ဖြစ်နေတော့လေသည်။

သို့ဖြစ်၍တစ်ခေတ်တစ်ခါက မိဖုရားစောလုံကဲ့သို့ အမျိုးသမီးများသည် ဂုဏ်သိက္ခာကြီးမားကာ အရှက်တ ရားကို မိမိအသက်ဖြင့်သက်သေပြခဲ့ပြီး လက်ရှိ မြန်မာ အမျိုးသမီးလေးများ၊ တိုင်းရင်းသားအမျိုးသမီးထုတစ်ရပ် လုံးလည်း မိမိတို့၏ ဂုဏ်သိက္ခာ၊ အရှက်တရားကို ထိန်း သိမ်းကြပြီး အမျိုးသားထုတစ်ရပ်လုံးမှလည်း ယင်းတို့ကို အမြတ်တနိုးတန်ဖိုးထားစေဖို့ ရည်ရွယ်ရေးသားလိုက်ခြင်း ပင်ဖြစ်ပါသည်။

ကျမ်းကိုး- မှန်နန်းရာဇဝင်၊ ပဉ္စမတွဲ၊
မင်းခွေးချေးအကြောင်း စာမျက်နှာ ၂ဝ၆၊
မိဖုရားစောလုံအကြောင်း စာမျက်နှာ ၂၁၁။

Yangon Media Group 

Facebook က မြန်မာကို ဖုန်းပြန်ခေါ်ပြီ





လော့ကျပြီး ဖုန်းနံပါတ်အတောင်း ခံနေရတဲ့
Facebook အကောင့်တွေကို Unlock
လုပ်ရာမှာ ပဲ ဖြစ်ဖြစ် … ကိုယ့်ရဲ့ ကိုယ်ပိုင်
Facebook အကောင့်ကို ကိုယ်ပိုင်
ဖုန်းနံပါတ်လေးနဲ့ Verify လုပ်ထားချင်ရင်ပဲ ဖြစ်ဖြစ်
ဒီနည်းလေးကို သုံးနိုင်ပါတယ် …
အနည်းငယ်တော့ ပညာသားပါတာမို့ စနစ်တကျနဲ့
ဇွဲရှိရှိ လုပ်ပေးပါလို့ ကြိုပြောထားချင်ပါတယ်
ကွန်ပျူတာနဲ့ လုပ်ဆောင်ရမှာ ဖြစ်ပြီး Chrome Browser ကို အသုံးပြုလုပ်ဆောင်ရမှာလည်း
ဖြစ်ပါတယ် ..
ကဲ .. စ လိုက်ကြစို့


အရင်ဆုံး Chrome Browser ကို ဖွင့်ပြီး Facebook အကောင့်လော့ဖြည်တဲ့ အဆင့်တွေအတိုင်း
ပုံမှန်အတိုင်း လုပ်ဆောင်သွားပါ ..
ဖုန်းနံပါတ် ထည့်ရမယ့် အဆင့်ကိုရောက်တဲ့အခါ ကိုယ်သုံးမယ့် မြန်မာဖုန်းနံပါတ်တစ်ခုကို ထည့်ပါ
ဖုန်းပါတ်ထည့်ပြီးရင် Sending me a text ဆိုတဲ့ စာတမ်းပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ ထဲက
အောက်နားမှာရှိတဲ့ Inspect element ကို ရွေးပါ
Image and video hosting by TinyPic
အောက်ကပုံအတိုင်း ကုဒ်တွေ ပွင့်လာပါမယ်



ကုဒ်တွေထဲက code_smd ဆိုစားပေါ်မှာ ကလစ်နှစ်ချက်နှိပ်ပြီး sms ကို voice လို့ ပြင်ပေးလိုက်ပါ .. code_voice လို့ ဖြစ်သွားအောင် ပြင်လိုက်တာပါ



ပြီးရင် enter နှိပ်လိုက်ရင်လည်း ရပါတယ် .. element window ရဲ့ လွတ်နေတဲ့ နေရာကို ကလစ်တစ်ချက်လောက်နှိပ်ပြီး ညာဖက် အစွန်က ကြက်ခြေခပ်လေးကို နှိပ်ပြီး element window ကို ပိတ်လိုက်ပါ
ပြီးရင် Continue ကို နှိပ်လိုက်ပါ ..
နောက်တစ်ဆင့်မှာ ကုဒ် ထည့်ရမယ့်အဆင့်ကို ရောက်သွားရင် အောင်မြင်ပါပြီ .. နည်းနည်းလောက် စောင့်လိုက်ရင် ဖုန်းဝင်လာပါလိမ့်မယ် ..
Facebook က ပြောတဲ့ စကားသံဟာ တော်တော်မြန်တဲ့အတွက် သေချာနားထောင်ဖို့တော့ လိုပါတယ် ..
ကုဒ်ကို လေးလုံး ပြောလာမှာ ဖြစ်ပါတယ် ..



တကယ်လို ကုဒ်ထည့်ရမယ့် အဆင့်ကို မရောက်ပဲ .. အောက်မှ ပြထားသလို Error Message တစ်ခုခု ကျလာခဲ့ရင် Cancel ကိုနှိပ်ပြီး ဖုန်းနံပါတ်ထည့်တဲ့ အဆင့်ကနေ ပြန်လုပ်ပါ ..



အဲဒီလို လုပ်တာမှ Error Message တက်နေတုန်းပဲ ဆိုရင်တော့ အားလုံးကို ပိတ်ပြီး နာရီဝက်လောက်စောင့်ပြီးမှ အစကနေပြန်ဝင်လုပ်ပါ …
တစ်ခါတစ်ခါ နောက်တစ်ကြိမ် အစကနေ ပြန်လုပ်ရင်း ဖုန်းနံပါတ်ထည့်ရမယ့် အဆင့်မှာ အောက်ကပုံအတိုင်း Giving me a call ဆိုတဲ့ Function တစ်ခု တိုးလာတာကို ကြုံရတတ်ပါတယ် ..
အဲဒါဆိုရင်တော့ အဲဒီ Giving me a call ကို အမှတ်လေးတပ်ပေးပြီး ဖုန်းနံပါတ်ထည့်ပေးလိုက်တာနဲ့ ခဏလောက်အကြာမှာ ဖုန်းဝင်လာပါလိမ့်မယ် …
တစ်ခုကြိုပြောချင်တာက စိတ်ရှည်ဖို့ ပါပဲ …
ကျွန်တော်ဆို .. ဒီပို့စ်ကို တင်ဖို့ ဒီနည်းကို စမ်းတာ ၂ ပါတ်လောက်ကြာပြီး ညတိုင်း မိုးလင်းခဲ့ပါတယ် ..
အခုတော့ .. ၄ ကြိမ်လောက်လုပ်ရင် တစ်ကြိမ်လောက်က ကုဒ်ထည့်တဲ့အဆင့်ကို ရောကပြီး တစ်ကြိမ်လောက်က Giving me a call ဆိုတဲ့ Function ပါလာတာမျိုးကို ကြုံရပါတယ် ..
သတိထားမိတာတစ်ခုက မနက် အစောပိုင်း ( ၄ နာရီနဲ့ ၇ နာရီကြား ) တွေမှာ အခုလို အောင်မြင်တာကို တွေ့ရပါတယ် ..
ကဲ .. အောက်မှာ ဗွီဒီယိုဖိုင်လေးနဲ့ လုပ်ပြထားပါတယ် .. လေ့လာကြည့်ပါဦး

ဗွီဒီယိုဖိုင်ကို ဒေါင်းယူထားချင်တဲ့ သူငယ်ချင်းတွေအတွက်လည်း ဒီနေရာ မှာ တင်ပေးထားပါတယ် ..

ကဲ .. အဆင်ပြေကြပါစေဗျာ ..

Credit-http://sawmicromyaw.blogspot.com

ချိတ်ပိတ်ခံထားရသော ဦးဝင်းတင်အခန်း အစိုးရက ပြန်ပေးမည်ဟုဆို




 နိုင်ငံရေးလုပ်သဖြင့် နေထိုင်ခွင့်ပိတ်သိမ်းခံခဲ့ရသည့် သတင်းစာဆရာကြီး ဦးဝင်းတင်၏အခန်းကို ၎င်းဆုံးပါးသွား သော်လည်း ကျန်ရစ်သူမိသားစုအား ပြန်လည်ပေးအပ်သွားရန် စီစဉ်ထားကြောင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန် ကြားရေးမှူး ဦးယုခိုင်ကပြောသည်။

ယခင်ကဦးဝင်းတင်  နေထိုင်ခဲ့သည့် လမ်းမတော်မြို့နယ်၊ လမ်းသစ်အိမ်ရာအား အစိုးရကအသစ်ပြန်လည်တည်ဆောက် ပေးပါက ၎င်းအတွက် အခန်းတစ် ခန်းပေးသွားရန် ဌာနမှ စီစဉ်ထား ပြီးဖြစ်ကြောင်း ၎င်းကပြောကြားသည်။

‘‘ကျန်ခဲ့တဲ့ မိသားစုတွေ ရှိ ရင် ခံစားခွင့်ရမှာဖြစ်တဲ့အတွက် အခန်းတစ်ခန်းပေးမှာပါ။ နှစ်က အရမ်းကြာနေပြီဆိုတော့ ပိုင်ဆိုင် မှုအတွက် ဌာနမှာ ရှိသေးတဲ့ စာ ရွက်စာတမ်းတွေပြန်ပြီး ကူရှာပေးပါမယ်’’ဟု ဦးယုခိုင်ကဆိုသည်။ သို့သော် ဦးဝင်းတင်မှာ အိမ်ထောင်မပြုသည့်အတွက်သား၊ သမီးများမရှိ၍ အနီးစပ်ဆုံး လူများကို ပေးအပ်မည်ဟု ၎င်းကဆိုသည်။

အစိုးရသစ်လက်ထက်တွင် ရန်ကုန်မှ အိမ်ရာအဟောင်း ၁၃ ခုကို ပြန်လည်တည်ဆောက်ရန် လျာထားရာတွင် ယင်းအိမ်ရာ အဟောင်းများကို အသစ်ပြန် လည်တည်ဆောက်ပါက ပြီးခဲ့ သည့် အစိုးရလက်ထက်က နေ ထိုင်ခွင့်ပိတ်သိမ်းခံခဲ့ရသည့် နိုင်ငံ ရေးသမားများအား  ပြန်လည်နေရာ ချထားပေးမည်ဟုအစိုးရက စီစဉ်ထားသည်။

အခန်းပြန်ပေးရန် စီစဉ်ထား သူများထဲတွင် ယခုလက်ရှိသက် ရှိထင်ရှားနေထိုင်သူအများစုဖြစ် ပြီး ဦးဝင်းတင်မှာမူ ပြီးခဲ့သည့် ဧပြီ ၂၁ ရက်က ဆုံးပါးသွားသဖြင့် ဌာနက ၎င်း၏ ကျန်ရစ်သူမိသားစု အား အခန်းပေးအပ်သွားမည်ဟုဆိုသည်။ ဦးဝင်းတင်သည် ၎င်းနေ ထိုင်ရာ လမ်းသစ်အိမ်ရာတွင် နေ ထိုင်စဉ် နိုင်ငံရေးလှုပ်ရှားမှုများ ၌ ပါဝင်သဖြင့် ၁၉၈၈ ခုနှစ်တွင် အခန်းပိတ်သိမ်းခံခဲ့ရပြီး ဦးဝင်း တင်လည်း ထောင်သွင်းအကျဉ်း ကျခံခဲ့ရသည်။

ရန်ကုန်တွင် ၁၉၈၈ ကာလ က ပြည်သူ့အိမ်ရာများ တွင် နေထိုင်သည့်နိုင်ငံရေးလှုပ်ရှားသူ များကို သက်ဆိုင်ရာက ကျန်ရှိသည့် မိသားစုကို အချိန် ခြောက်လမှ တစ်နှစ်အတွင်း အချိန်ပေးကာ ဖယ်ရှားပိတ်သိမ်းခဲ့ကြောင်း ကိုယ်တိုင်အခန်းပိတ်သိမ်းခံရသူ များကပြောသည်။

ဦးဝင်းတင်ကဲ့သို့ ပြည်သူ အိမ်ရာများတွင် နေထိုင်စဉ် နိုင်ငံ ရေးလှုပ်ရှားမှုများ၌ ပါဝင်သ ဖြင့် အိမ်ရာတွင် နေထိုင်ခွင့် ပိတ် သိမ်းခံရသူများအနေဖြင့်လည်း ဌာနသို့ လာရောက်ဆက်သွယ် လာပါက အခန်းတစ်ခန်းပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

7day daily

Thursday, April 24, 2014

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အိမ်တွင်းပုန်းနေတယ်လို့ သိရပါတယ်။

ကိုယ့်ကိုယ်ကိုယ် နေအိမ်အကျယ်ချုပ်ချတဲ့ ဦးခင်ညွန့်

Thursday, April 24, 2014
~






ဦးဝင်းတင် ကွယ်လွန်ခြင်းနဲ့ ပတ်သက်ပြီး သူ ဘယ်လိုပြောမလဲ ဆိုတာကို သိရဖို့ သတင်းသမား တချို့က သူ့အိမ်ကို သွားကြတာပါ။

သူ အိမ်ထဲက ထွက်မလာတော့ သူ့ကော်ဖီဆိုင်ထဲ ထိုင်စောင့်သူစောင့်။ သူ့ပန်းချီပြခန်းထဲဝင်ငေးသူ ငေးကြ။

စုံစမ်းကြည့်တော့ ဦးခင်ညွန့် အပြင်ဘက်မထွက်၊ အိမ်ပေါ်ကနေ အိမ်အောက်မဆင်းတာ သုံးရက်လောက်တော့ ရှိပြီ တဲ့။

အင်း.... ကျန်းမာရေးမကောင်းလို့ အပြင်မထွက်တာ ဖြစ်နိုင်သလို - ဦးဝင်းတင်နာရေးနဲ့ ပတ်သက်ပြီး သူ့ဆီ လာမေးတာတွေကို ရင်မဆိုင်ချင်လို့ အိမ်ထဲမှာပဲနေတာလည်း ဖြစ်နိုင်ပေတာပဲ။

သမ္မတကြီးရဲ့ ပြောရဲဆိုရဲရှိသူ ဦးရဲထွဋ်တောင် ဦးဝင်းတင် နာရေးနဲ့ ပတ်သက်ပြီး တစုံတခု ပြောသေးတာပဲ၊ သူက ဘာများ အိမ်ထဲမှာ နေနေရသလဲ ဆိုတဲ့ မေးခွန်း ထွက်လာပါတယ်။

ဦးရဲထွဋ် ပြောဆိုတာတွေကို ဒီဘလော့မှာ ဖော်ပြခဲ့ပြီးပါပြီ။  http://blog.irrawaddy.org/2014/04/blog-post_5366.html မှာ ကြည့်ပါ။ အင်း...  ဦးရဲထွဋ်ကြီးက ပြောရဲဆိုရဲရှိသူ ဆိုတော့ ပြောရဲဆိုရဲပေမပေါ့လို့ ဖြေရမယ် ထင်ပါတယ်။

ဒါကတော့ ဦးခင်ညွန့်  ကိုယ့်ကိုယ်ကိုယ် နေအိမ်အကျယ်ချုပ်ချနေသလား ဆိုတဲ့ အယူအဆအကြောင်း ရေးထားတာပါ။
အပိုင်း ၁ ဆိုပါစို့။

မနက်ဖြန် အပိုင်း ၂ ကို ဒီဘလော့မှာ ဆက်လက် ရေးသားပါဦးမယ်။
ဖြစ်နိုင်ချေတွေ၊ အကြံပြုချက်တွေ ထည့်သွင်း ရေးသား ဖြစ်မယ် ထင်ပါတယ်။



ဧရာဝတီ Facebook

ကြီး ၄ ကြီးနှင့်စတုတ္ထမဏ္ဍိုင်သို့ ပြည်သူမှတစ်ဆင့်အိတ်ဖွင့်ပေးစာ




သမ္မတကြီးနဲ့တကွ ကာချုပ်ကြီး လွှတ်တော်နာယကကြီး လူထုခေါင်းဆောင်ကြီး မီဒီယာကြီးများနဲ့ ပြည်သူလူထုကြီး ခင်ဗျား။

ကျွန်တော်ကတော့ လားရှိုးမှာ ပြောင်းရွှေ့နေထိုင်နေတဲ့ လီဆူးတိုင်းရင်းသားတစ်ဦးပါ။ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက် ကစပြီး ဒီနေ့အထိ ကျွန်တော့်ဇာတိ တာလတ်ကျေးရွာက ကျန်ရစ်တဲ့ ကျွန်တော့်အမျိုးတွေနဲ့ အခြားကျေးရွာသားတွေ လာရှိုးဘက်ကို တဖွဲဖွဲထွက်ပြေးလာခဲ့ကြပါတယ်။ ဖြစ်ပုံကတော့ကျွန်တော်တို့ ပလောင်ဒေသမှာ တအောင်းဝ် လက်နက်ကိုင်အဖွဲ့က တစ်အိမ်ထောင် လူတစ်ယောက်နှုန်းနဲ့ အတင်းအဓမ္မ လူသစ် စုဆောင်းနေကြလို့ပါ။ ဒါတင်မက စစ်မှုထမ်းဆောင်ခွင့်က ကင်းလွတ်ခွင့်ပြုဖို့ သွားတောင်းပန်တဲ့ ကျေးရွာလူကြီးနဲ့ သူ့တူလေးကို ရက်ရက်စက်စက် သတ်ပစ်လိုက်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ဒေသမှာ ခုလိုမျိုး လက်နက်အားကိုးနဲ့ အနိုင်ကျင့်သတ်ဖြတ်တာ လွန်လွန်းပါတယ်။

ကျွန်တော်တို့လီဆူးတွေဟာ ကိုယ့်ဝမ်းစာကို အေးအေးချမ်းချမ်း ရှာစားချင်ကြသူတွေပါ။ လက်နက်ကိုင်ရမှာ ကိုလည်း မလိုလားပါဘူး။ ရိုးရိုးသားသားပဲနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လီဆူးတွေကို ကချင်တွေ ကလည်း အရမ်းနှိမ်ပါတယ်။ ကချင်ပြည်နယ်သားပေမယ့် ကချင်လူမျိုးစုစာရင်းလည်း မသွင်းပါဘူး။ ဂျိမ်းဖောယောက်ျား တစ်ယောက်က ကျွန်တော်တို့ လီဆူးမတစ်ဦးကို ယူမိရင်တောင် ၇ နှစ်လောက် ဘုန်းနိမ့်တယ်လို့တောင် နှိမ့်ချ ဆက်ဆံခဲ့တဲ့ကောင်တွေပါ။ ကေအိုင်အေနဲ့ အစိုးရတပ်တွေ တိုက်တုန်းကလည်း ကျွန်တော်တို့ကို ရှေ့ဆုံးကနေ အသေခံခိုင်းဖို့ ကေအိုင်အေက ခုလိုမျိုး အတင်းလူသစ်စုပါတယ်။ ကျွန်တော်တောင် အရှောင်ကောင်းလို့ လွတ်ခဲ့တာပါ။ အဲဒီတိုက်ပွဲတွေမှာ ကျွန်တော်တို့အမျိုးတွေ အများကြီးသေပါတယ်။ စစ်ပညာလည်း မကျွမ်းကျင် စစ်တိုက်ဖို့လည်း စိတ်မပါတော့ တိုက်ပွဲဖြစ်တိုင်းမှာ ကျွန်တော်တို့လီဆူးတွေ အထိနာပါတယ်။

သူတို့တွေက အခိုင်အမာ ကွန်ဂရစ် လှိုဏ်တွေထဲမှာနေပြီး ကျွန်တော်တို့ကိုတော့ စခန်းတွေပေါ်ကနေ ထွက်ပြေးမရအောင် ဘိန်းကျွေး၊ သံကြိုးခတ်ပြီး စတေးခဲ့တာပါ။ မတိုက်ချင်တော့လို့ ထွက်ပြေးရင်လည်း မိတဲ့အခါ ရက်ရက်စက်စက် သတ်ပါတယ်။ ဒီဖြစ်စဉ်မှာ နောက်ကွယ်က ကေအိုင်အေရှိနိုင်တယ်လို့ ကျွန်တော်တို့တစ်တွေ ယူဆနေပါတယ်။ လူသစ်တွေအဓမ္မစုလို့ သိက္ခာကျ အရှက်ရနေတဲ့ ကေအိုင်အေက သူ့လက်ဝေခံ တအောင်းဝ်တပ်ကို တစ်ဘက်လှည်နဲ့ လူသစ်စုခိုင်းတယ်လို့လည်း သုံးသပ်နေကြပါတယ်။ ကျွန်တော်တို့မှာ ကေအိုင်အေလည်းကြောက်ရ ကေအိုင်အေ တပည့်ခံထားတဲ့ တအောင်းဝ် တပ်ကလည်း ခုလိုလုပ်လာတာမို့ ဆူးကြားကဘူးခါးဖြစ်နေပြီး ပြေးစရာ မြေမရှိ၊ လုပ်စရာ လယ်မရှိနဲ့ ကျီးလန့်စာစား နေထိုင်သွားလာနေရတော့မယ့် ဘ၀မျိုးရောက်နေပါပြီင်္။ ခုကျွန်တော်တို့ ရွာက အဖွဲ့တွေ လားရှိုးနားက အီနိုင်း ကျေးရွာမှာ ရောက်ရှိနေပါတယ်။

ကျွန်တော်မနေ့က ဆိုင်ကယ်နဲ့သွားကြည့်တော့ ရွာလုံးကျွတ်နီးပါး လူ ၂၀၀ ကျော်လောက် ထွက်ပြေး လာတာတွေ့ရပါတယ်။ အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာကြရတော့ စားစရာသောက်စရာနဲ့ နေစရာ ထိုင်စရာတွေ အခက်အခဲဖြစ်နေကြပါတယ်။ အဲဒီထဲမှာ ကျောင်းနေအရွယ် ကလေးငယ်တွေပါပါတယ်။ မကြာခင် ကျောင်းတွေပြန်ဖွင့်တော့မှာမို့ ခုလိုမျိုးအခြေနေဆိုးကြောင့် ကလေးတွေအနာဂတ်ရေးဟာလည်း ရင်လေးစရာ ကောင်းနေပါတယ်။ လူကြီးတွေကလည်း ကိုယ့်ရပ်ကိုယ့်ရွာကို မစွန့်ခွာချင်ပေမယ့် ဘယ်ချိန် အသတ်ခံရမယ်မှန်း မသိတဲ့နေရာကို ပြန်မသွားရဲကြတော့ဘူးလို့ ကျွန်တော့်ကို ရင်ဖွင့်ကြပါတယ်။

ကျွန်တော်တို့ ရွာသားတွေရဲ့ဒုက္ခကို လျစ်လျုရှုမထားကြပါနဲ့ခင်ဗျား။ လက်နက်ကိုင် လူမျိုးစုကြီးတွေက လက်နက်မဲ့ လူမျိုးစုငယ်တွေအပေါ် ခုလိုမျိုး ဆိုးဆိုးဝါးဝါး အနိုင်ကျင့်နေတာတွေကို ကာကွယ်ပေးပါခင်ဗျာ။ အဖြစ်မှန်ကို ဖော်ထုတ်ပြီး ဥပဒေအရဆောင်ရွက်ပေးပါ။ ကျွန်တော်တို့ကြားက အကြောက်တရားတွေကို ပြေပျောက်ဖို့ ဖြစ်နိုင်ရင် ပြတ်ပြတ်သားသားဆုံးမပြီး ထိထိရောက်ရောက်အရေးယူပေးပါ။ လတ်တလော ကြုံတွေ့နေရတဲ့ အခက်အခဲ တွေကိုလည်း နိုင်ငံတော်နဲ့ လူကြီးမင်းတို့အပိုင်းက ၀ိုင်းဝန်းဖြေရှင်းပေးပါခင်ဗျား။ ခုလိုမျိုး ကြီးနိုင်ငယ်ညှင်းမှုတွေ ထာဝရ ပပျောက်အောင် နည်းလမ်းမျိုးစုံသုံးပြီး စောင့်ရှောက်ပေးကြပါ ခင်ဗျား။ လွှတ်တော်မှာလည်း အဆိုတင်သွင်းပြီး ရှုတ်ချ ပေးကြပါခင်ဗျား။

အမျိုးသားရင်ကြားစေ့ရေးကို ဦးစားမပေးဘဲ ဖျက်လိုဖျက်ဆီးနဲ့ တစ်ဘက်စောင်းနင်းလုပ်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေကို မီဒီယာတွေပိုင်းကလည်း လျစ်လျုရှုမထားကြပါနဲ့ ခင်ဗျား။ ဖြောင့်ဖြောင့်မှန်မှန် ရပ်တည်ပြီး အားလုံး သိအောင် ဖော်ထုတ်ပေးကြပါခင်ဗျား။ DVB ကတော့ ဧပြီ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ပြည်သူ့ဘက်ကရပ်တည်ပြီး တင်ပြသွားပြီလို့ ကြားသိရပါတယ်။ လူကြီးမင်းတို့လည်း အဖိနှိပ်ခံရသူတွေဘက်က ကလောင်တာဝန်ကျေပေးကြပါလို့ အားကိုးတိုက်တွန်းရင်း….။

မုရှောက်ပို့( လားရှိုး )

ကြံ့ခိုင်ရေးပါတီ လွှတ်တော် ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီးဟောင်း၏ ရွေးကောက်ပွဲ ကော်မရှင် အာဏာရ ပြည်ခိုင်ဖြိုး ပါတီအတွက် အားတစ်ရပ်ဖြစ်လာ


25 April 2014


အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ပထမအကြိမ် ပါတီ ညီလာခံတွင် ပါတီ ဒုတိယ ဥက္ကဋ္ဌ(၁) သူရဦးရွှေမန်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး လာရောက် နှုတ်ဆက်ခဲ့စဉ်၊ ဓာတ်ပုံ-မြန်မာသံတော်ဆင့်

ရန်ကုန်၊ ဧပြီ ၂၃

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ရွေးကောက်ပွဲ ၀င်ခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် (ဒုတိယ ဗိုလ်ချုပ်ကြီး- ငြိမ်း) ဦးတင်အေးနှင့် စစ်ဘက်ဆိုင်ရာ အငြိမ်းစား ပုဂ္ဂိုလ်များ ကို ရွေးကောက် ပွဲ ကော်မရှင် အဖွဲ့ဝင်များ အဖြစ် ခန့်အပ်ထား ခြင်းသည် ပြည်ခိုင်ဖြိုး ပါတီကို အင်အားတစ် ရပ် ဖြစ်စေနိုင်သော လှည့်ကွက် ဖြစ်နိုင်သည်ဟု နိုင်ငံရေး အသိုင်း အ၀ိုင်းက ဝေဖန်လျက်ရှိသည်။

လွှတ်တော်သုံးရပ် မစတင်မီ ၂၀၁၀ ခုနှစ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် သက် ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့များကို တိုင်းနှင့်ပြည်နယ်အလိုက် ဖွဲ့စည်းနိုင်ရန် ယခင် စစ်အစိုးရ အကြီး အကဲ ပုဂ္ဂိုလ်များက ၎င်းတို့၏ နီးစပ်ရာ ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် စစ်ဘက်ဆိုင်ရာ အငြိမ်းစား အရာရှိများကို ခန့်အပ် တာဝန်ပေးခဲ့သည်။ ထိုသို့ တာဝန်ပေးရာတွင် သက်ပြည့်ပင်စင် မဟုတ်သူများလည်း ပါဝင်ပြီး ယခင်စစ်အစိုးရ အကြီးအကဲများက စိတ်ကြိုက် ရွေးချယ်ကာ တာဝန်ပေးခဲ့ခြင်းသည် နိုင်ငံရေး လှည့်ကွက်တစ်ခု ဖြစ်လာနိုင်ကြောင်းကို ““ဒါက ဘာကို ဘယ်လို စီစဉ်ထားလဲဆိုတာ မသိနိုင် ဘူး။ ကော်မရှင် အနေနဲ့က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို လုပ်ဆောင်ပေးရမှာပဲ။ ဒါက သူ့တာဝန်ပဲလေ။ အခုက နိုင်ငံရေး ကင်းရှင်းရမယ် ဆိုတော့ အရင်က နိုင်ငံရေးက လှုပ်ရှားသူ၊ ပါဝင်သူ ဖြစ်ခဲ့ပြီး အခုက ကင်းရှင်းနေသူဆိုတော့ ဒါကလှည့်ကွက်လား ဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ဘူး”” ဟု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့ဝင် တစ်ဦးက ပြောသည်။…

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးမှုများ ပြုလုပ်သည့်အခါ ကိုယ်စားလှယ် လောင်းများသည် သက်ဆိုင်ရာ မဲဆန္ဒနယ်တွင်သာ မဲဆွယ်စည်းရုံးရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၏ ဧပြီ ၇ ရက်၊ ပုသိမ်မြို့တွင် ပြောကြားခဲ့မှုသည် ၂၀၁၅ ပြည်လုံးကျွတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး မဲဆွယ်ခွင့်ကို ဦးတည်ပိတ်ခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေး အသိုင်းအ၀ိုင်းက ဝေဖန်ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ကန့်သတ်ချက်သည် လာမည့် ၂၀၁၅ ပြည်လုံးကျွတ် ရွေးကောက်ပွဲတွင် အာဏာရ ပြည်ခိုင်ဖြိုး ပါတီကို အင်အားတစ်ရပ် ဖြစ်စေနိုင်ပြီး NLD ပါတီသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အ၀ါအရ ပိုမိုအားကောင်း လာမည်ကို စိုးရိမ်သဖြင့် ယခုကဲ့သို့ ကန့်သတ်ခြင်း ဖြစ်နိုင်သည်ဟု NLD ပါတီဝင်များက ဆိုသည်။

အဆိုပါ ဝေဖန်မှုများနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ““ဒါက ဥက္ကဋ္ဌကြီး ပြောခဲ့တာ ဟုတ်ပါတယ်။ အဲဒီစကားက ဘယ်လိုလဲဆိုတော့ ရွေးကောက်ပွဲ မစတင်မီ လပိုင်းအလို ကော်မရှင်က ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို အတည်ပြု ထုတ်ပြန်တယ်။ အဲဒီလို ထုတ်ပြန်ပြီး နောက်ပိုင်းကို အဲဒီကိုယ်စားလှယ်တွေက သက်ဆိုင်ရာ မဲဆန္ဒနယ်မှာပဲ စည်းရုံး မဲဆွယ်ခွင့် ရှိတော့မယ်လို့ ပြောတာပါ။ ဒီကြားထဲတော့ ရပါတယ်။ ပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်မှာ အသက်မပြည့်ဘဲ ခန့်တာ ရှိ၊မရှိ ဆိုတော့ မသိဘူး။ ဒါပေမဲ့ ဒီလိုမျိုး တာဝန်တွေ ပေးတာတော့ ရှိနိုင်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ အတွက်လို့ ပြောတာက ဒါက တစ်ကိုကြည့်ရင် တစ်လို့မြင်မယ်။ “ဂ” လို့ကြည့်ရင် “ဂ”လို့မြင်မယ်။ ဒီလိုပါပဲ”” ဟုပြောကြားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၏ မဲဆွယ်စည်းရုံးခွင့် ကန့်သတ်မှုအပေါ် ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် အခြားနိုင်ငံရေး ပါတီဝင်အချို့က ထောက်ခံ ပြောကြားမှုရှိခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ယခင် စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၉ ဆင်း ဖြစ်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) တစ်ဦး ဖြစ်သည့်အပြင် န၀တ ကောင်စီဝင် အဖြစ်လည်းကောင်း၊ ဦးပိုင် လီမိတက်ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ပြည်ခိုင်ဖြိုးပါတီ၏ တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေးသည် ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ် ပိတ်ပင်ရာ၌ အပြင်းထန်ဆုံး ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ တစ်ဦးဖြစ်ကာ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြား ခရီးစဉ် သွားလာရာ၌လည်း မြန်မာ၊ ဘားမား အခေါ်အဝေါ်နှင့် ပတ်သက်၍ လိုက်လံ သတိပေး ကန့်သတ်ခဲ့ပြီး အာဏာရ ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ ဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်နှင့်လည်း ကျောင်းနေဖက် သူငယ်ချင်းဟုဆိုကာ အများပြည်သူမြင်ကွင်း၌ အတူသွား အတူလာရုံမျှမက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုပင် သမ္မတအား တင်ပြပြောဆို၍ အစိုးရလုပ်ငန်းများ၌ လက်ရည်တစ်ပြင်တည်း ပါဝင်ခဲ့ခြင်းများလည်း ရှိခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတစ်ဦးအနေဖြင့် အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဖြစ်သော နိုင်ငံတော် သမ္မတနှင့်အတူ အစိုးရ ခရီးစဉ်များ လှည့်လည် သွားလာနေခြင်းသည် မသင့်လျော်ကြောင်း မြန်မာသံတော်ဆင့်နှင့် ပြည်တွင်း မီဒီယာအချို့က ဝေဖန်ထောက်ပြ ရေးသားခဲ့ကြသော်လည်း ဦးတင်အေး အနေဖြင့် ဝေဖန်မှုကို လက်ခံကြောင်း ပြောဆိုခဲ့ခြင်း ရှိပြီးနောက် ယခင်အတိုင်းပင် သွားမြဲလာမြဲ ရှိနေခဲ့သည်။

လက်ရှိ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တာဝန်ယူထားသော ယခင်ဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းက ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးအနေဖြင့် လာမည့် ရွေးကောက်ပွဲများတွင် ဘက်လိုက်ခြင်း ရှိမရှိကို ““ဒီဟာက ပုဂ္ဂိုလ်ရေးနဲ့ ဆိုင်တယ်။ သို့ရာတွင် သူ့ဘက်က ဥပဒေနဲ့ အမြဲတမ်း သမာသမတ်ဖြစ်အောင် လုပ်မယ်၊ ဒါဟာ သူ့ရဲ့ဘ၀ပဲ၊ သူ့ရဲ့မှတ်ကျောက်ပဲ ဆိုတဲ့ အနေအထား ဖြစ်တဲ့အတွက် ဒီစကားပေါ်မှာ မူတည်မယ်ဆိုရင် သူ့ဘက်က ယုံယုံကြည်ကြည်နဲ့ ရဲရဲကြီး အာမခံထားတယ်လို့ပဲ တွေ့ရှိရမှာ ဖြစ်ပါတယ်””ဟု ဧပြီ ၆ ရက်နေ့ တွင် မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကမ္ဘာသိ ကျင်းပခဲ့သော ၁၉၉၀ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးဘဌေးနှင့် ကော်မရှင် အဖွဲ့ဝင်များသည် ထိုစဉ်က အစိုးရ အကြီးအကဲများနှင့် အတူတကွ သွားလာခြင်း မပြုရုံမျှမက ကော်မရှင် လူကြီးများကို အစိုးရက ခရီးဦးကြို၍ ဂါရ၀ပြု အလေးထားခြင်း ခံခဲ့ရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုသည် တပ်မတော် လေတပ်တွင် ဗိုလ်မှူးကြီး အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး ယခင် KNU ဌာနချုပ် ဖြစ်ခဲ့သည့် မာနယ်ပလောဌာနချုပ်ကို ထိုးစစ်ဆင် တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။

တပ်မတော်အစိုးရ ကာလအတွင်း ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ မဲအပြတ်အသတ် အနိုင်ရခဲ့ခြင်းနှင့် ၁၉၉၀ တွင် မဲအနိုင်ရသော်လည်း အာဏာမရသည့် NLD ပါတီတို့၏ နိုင်ငံရေး သမိုင်းကြောင်း ဖြတ်သန်းရာ ဖြစ်စဉ်များအား အများပြည်သူအနေဖြင့် တွေ့ကြုံခံစားခဲ့ကြရ၍ လာမည့် ရွေးကောက်ပွဲများတွင် တပ်မတော် ဗိုလ်ချုပ်ကြီးဟောင်းများ ဦးဆောင်သည့် ရွေးကောက်ပွဲ ကော်မရှင်အပေါ် အများပြည်သူအနေဖြင့် သမာသမတ် ကျမကျ၊ ဘက်လိုက်မှု ရှိမရှိ ဝေဖန် လေ့လာလျက်ရှိသည်။

ဝတ်ရည်နွေးနွေး

Myanmartandawsint Newspaper

မြန်မာ့မီးရထား အရှုံးပေါ်၍ ပုဂ္ဂလိကသို့ ငှားရမ်း လုပ်ပိုင်ခွင့်ပေးမည်


မြန်မာ့မီးရထားမှ မီးရထားတွင် အသုံးပြုရသည့် ပစ္စည်းများ ဈေးနှုန်းမြင့် တက် လာသောကြောင့် အရှုံးပေါ်သော အခြေအနေ ရောက်ရှိနေသဖြင့် ရန်ကုန်-မန္တလေး အမြန်ရထားအား ပုဂ္ဂလိကသို့ ငှားရမ်းရန် ဧပြီလ လဆန်းပိုင်းမှ စတင်၍ တင်ဒါခေါ်ယူလျက် ရှိသည်ဟု ဧပြီ ၂၂ ရက်တွင် မြန်မာ့မီးရထား တိုင်းအမှတ်(၂)မှ အထွေထွေ မန်နေဂျာ ဦးဇော်ဖေစိန်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

မြန်မာ့မီးရထား အရှုံးပေါ်နေခြင်းမှာ ၀န်ထမ်းများ လစာတိုးပေးရခြင်းအပြင် မီးရထားပစ္စည်း များ ဈေးနှုန်း ကြီးမြင့်ခြင်း၊ ရထားလမ်းတွင် အသုံးပြုရ သည့် ကျောက်၊ သံလမ်း၊ ဇလီဖားတုံး ၏ ဈေးနှုန်းများ တိုးလာခြင်း ကြောင့်ဖြစ်သည်။

““အရှုံးအမြတ်က ဆီဖိုးတောင် မရဘူး။ အရင်က လက်မှတ်က ဆီတစ်ဂါလန်ကို ၁၀၀ ကျပ်နှုန်း တွက် ထားတာလေ။ အခုက ဆီတစ်ဂါလန်မှာ ၃၅၀၀ ဖြစ်သွားတဲ့အခါမှာ ဆီဖိုးတောင် မကွဲဘူးပေါ့။ နိုင်ငံတော်က စိုက်ထုတ်သုံးစွဲပြီး လုပ်ရတာပေါ့။ ရထားခကို မြှင့်တက်လိုက်တဲ့ အခါမှာလည်း မမြတ်ပါဘူး။ ဒါပေမဲ့ မီးရထားက ပြည်သူတွေရဲ့ ၀န်ဆောင်မှုကို ပေးတဲ့ဌာနဆိုတော့ ရုန်းကန်ပြီးတော့ လုပ်ရတာပေါ့နော်””ဟု အထွေထွေမန်နေဂျာ ဦးဇော်ဖေစိန်က မြန်မာသံတော်ဆင့်သို့ ပြောသည်။ မည်မျှအထိ အရှုံးပေါ်နေ သည်ကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

ပုဂ္ဂလိကသို့ ငှားရမ်း အသုံးပြုခွင့်ပေးမည့် ရထားနှစ်စီးမှာ အမှတ် (၅) အဆန်နှင့် အမှတ်(၆) အစုန်ရထားတို့ ဖြစ်ပြီး တင်ဒါအောင်မည် ဆိုပါက သုံးနှစ် လုပ်ကိုင်ခွင့်ရမည် ဖြစ်သည်။ လုပ်ကိုင်လိုသူ အနေဖြင့် နိုင်ငံသား ဖြစ်ရမည်ဟု ကန့်သတ်ထားပြီး တစ်နှစ်လျှင် တစ်ကြိမ် စာချုပ်ချုပ်ဆို လုပ်ကိုင်ရမည်ဖြစ်သည်။ တင်ဒါ လျှောက်ထားသူများ အနေဖြင့် မြန်မာ့မီးရထား လုပ်ငန်းသို့ ကြိုတင်ငွေအဖြစ် ကျပ်သိန်း ၄၀ ကနဦး ပေးသွင်း ရမည်ဖြစ်ပြီး တင်ဒါ မအောင်သူများ အနေဖြင့် ပြန်လည် ထုတ်ယူနိုင်မည် ဖြစ်သည်။ ငှားရမ်း လုပ်ကိုင်နေစဉ် အတွင်း ရထားပြေးဆွဲရန်အတွက် တင်ဒါအောင်သူနှင့် မြန်မာ့မီးရထားတို့မှ သီးခြားစီ တာဝန်ခွဲယူ လုပ်ကိုင် ကြရမည်ဖြစ်သည်။

““လောလောဆယ်တော့ ရန်ကုန်-မန္တလေးကိုပဲ ငှားမှာပေါ့။ လက်မှတ်ခ ဘယ်လောက်ပဲ ပေးရမယ်။ ၀န်ဆောင်မှု ဘယ်လောက်ပဲ ပေးရမယ်။ အဲဒီအပေါ်မှာ အားလုံးပေါင်းပြီးပြီ ဆိုတာနဲ့ သူ့ဟာသူ တွက်မှာပေါ့။ တွက်ပြီးတော့မှ မီးရထားကို ဘယ်လောက် ပေးမယ်ပေါ့ အဲလိုပါ””ဟု ဦးဇော်ဖေစိန်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

လက်ရှိ ပြေးဆွဲလျက်ရှိသော ရန်ကုန်-မန္တလေး အမြန်ရထားမှာ အမှတ်(၅)အဆန်၊ အမှတ်(၆)အစုန်၊ အမှတ်(၃) အဆန်၊ အမှတ် (၄)အစုန်၊ အမှတ်(၁၁)အဆန်၊ အမှတ် (၁၂)အစုန် စုစုပေါင်း ၆စီးဖြင့် ပြေးဆွဲပြီး စာပို့ရထားမှာ အမှတ် (၁) အဆန်နှင့် အမှတ်(၂)အစုန်သာရှိသည်။ ယခုလက်ရှိတွင် အမှတ်(၅)အဆန်နှင့် အမှတ် (၆) အစုန်ကို ပထမဦးစွာ ငှားရမ်းပြီး နောက်ပိုင်းတွင် ရန်ကုန်-မြစ်ကြီးနား မီးရထားလုပ်ငန်းကိုလည်း ပုဂ္ဂလိကသို့ ငှားရမ်း လုပ်ကိုင်ခွင့် ပြုသွားမည်ဖြစ်သည်။ လက်ရှိ အမြန်ရထား လက်မှတ်မှာ ရိုးရိုးတန်း ၄၆၅၀ ကျပ်၊ အထက်တန်း ၉၃၀၀ ကျပ်နှင့် အိပ်စင် ၁၂၇၂၀ ကျပ်သာဖြစ်ပြီး ပုဂ္ဂလိက လုပ်ငန်းရှင် ငှားရမ်းစဉ်အတွင်း ဈေးနှုန်းအပြောင်းအလဲများ အနည်းငယ် ဖြစ်ပေါ်လာနိုင်သည်။

အေးမိုးကိုကို

Myanmartandawsint Newspaper

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons