Thursday, April 24, 2014

မြန်မာ့မီးရထား အရှုံးပေါ်၍ ပုဂ္ဂလိကသို့ ငှားရမ်း လုပ်ပိုင်ခွင့်ပေးမည်


မြန်မာ့မီးရထားမှ မီးရထားတွင် အသုံးပြုရသည့် ပစ္စည်းများ ဈေးနှုန်းမြင့် တက် လာသောကြောင့် အရှုံးပေါ်သော အခြေအနေ ရောက်ရှိနေသဖြင့် ရန်ကုန်-မန္တလေး အမြန်ရထားအား ပုဂ္ဂလိကသို့ ငှားရမ်းရန် ဧပြီလ လဆန်းပိုင်းမှ စတင်၍ တင်ဒါခေါ်ယူလျက် ရှိသည်ဟု ဧပြီ ၂၂ ရက်တွင် မြန်မာ့မီးရထား တိုင်းအမှတ်(၂)မှ အထွေထွေ မန်နေဂျာ ဦးဇော်ဖေစိန်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

မြန်မာ့မီးရထား အရှုံးပေါ်နေခြင်းမှာ ၀န်ထမ်းများ လစာတိုးပေးရခြင်းအပြင် မီးရထားပစ္စည်း များ ဈေးနှုန်း ကြီးမြင့်ခြင်း၊ ရထားလမ်းတွင် အသုံးပြုရ သည့် ကျောက်၊ သံလမ်း၊ ဇလီဖားတုံး ၏ ဈေးနှုန်းများ တိုးလာခြင်း ကြောင့်ဖြစ်သည်။

““အရှုံးအမြတ်က ဆီဖိုးတောင် မရဘူး။ အရင်က လက်မှတ်က ဆီတစ်ဂါလန်ကို ၁၀၀ ကျပ်နှုန်း တွက် ထားတာလေ။ အခုက ဆီတစ်ဂါလန်မှာ ၃၅၀၀ ဖြစ်သွားတဲ့အခါမှာ ဆီဖိုးတောင် မကွဲဘူးပေါ့။ နိုင်ငံတော်က စိုက်ထုတ်သုံးစွဲပြီး လုပ်ရတာပေါ့။ ရထားခကို မြှင့်တက်လိုက်တဲ့ အခါမှာလည်း မမြတ်ပါဘူး။ ဒါပေမဲ့ မီးရထားက ပြည်သူတွေရဲ့ ၀န်ဆောင်မှုကို ပေးတဲ့ဌာနဆိုတော့ ရုန်းကန်ပြီးတော့ လုပ်ရတာပေါ့နော်””ဟု အထွေထွေမန်နေဂျာ ဦးဇော်ဖေစိန်က မြန်မာသံတော်ဆင့်သို့ ပြောသည်။ မည်မျှအထိ အရှုံးပေါ်နေ သည်ကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

ပုဂ္ဂလိကသို့ ငှားရမ်း အသုံးပြုခွင့်ပေးမည့် ရထားနှစ်စီးမှာ အမှတ် (၅) အဆန်နှင့် အမှတ်(၆) အစုန်ရထားတို့ ဖြစ်ပြီး တင်ဒါအောင်မည် ဆိုပါက သုံးနှစ် လုပ်ကိုင်ခွင့်ရမည် ဖြစ်သည်။ လုပ်ကိုင်လိုသူ အနေဖြင့် နိုင်ငံသား ဖြစ်ရမည်ဟု ကန့်သတ်ထားပြီး တစ်နှစ်လျှင် တစ်ကြိမ် စာချုပ်ချုပ်ဆို လုပ်ကိုင်ရမည်ဖြစ်သည်။ တင်ဒါ လျှောက်ထားသူများ အနေဖြင့် မြန်မာ့မီးရထား လုပ်ငန်းသို့ ကြိုတင်ငွေအဖြစ် ကျပ်သိန်း ၄၀ ကနဦး ပေးသွင်း ရမည်ဖြစ်ပြီး တင်ဒါ မအောင်သူများ အနေဖြင့် ပြန်လည် ထုတ်ယူနိုင်မည် ဖြစ်သည်။ ငှားရမ်း လုပ်ကိုင်နေစဉ် အတွင်း ရထားပြေးဆွဲရန်အတွက် တင်ဒါအောင်သူနှင့် မြန်မာ့မီးရထားတို့မှ သီးခြားစီ တာဝန်ခွဲယူ လုပ်ကိုင် ကြရမည်ဖြစ်သည်။

““လောလောဆယ်တော့ ရန်ကုန်-မန္တလေးကိုပဲ ငှားမှာပေါ့။ လက်မှတ်ခ ဘယ်လောက်ပဲ ပေးရမယ်။ ၀န်ဆောင်မှု ဘယ်လောက်ပဲ ပေးရမယ်။ အဲဒီအပေါ်မှာ အားလုံးပေါင်းပြီးပြီ ဆိုတာနဲ့ သူ့ဟာသူ တွက်မှာပေါ့။ တွက်ပြီးတော့မှ မီးရထားကို ဘယ်လောက် ပေးမယ်ပေါ့ အဲလိုပါ””ဟု ဦးဇော်ဖေစိန်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

လက်ရှိ ပြေးဆွဲလျက်ရှိသော ရန်ကုန်-မန္တလေး အမြန်ရထားမှာ အမှတ်(၅)အဆန်၊ အမှတ်(၆)အစုန်၊ အမှတ်(၃) အဆန်၊ အမှတ် (၄)အစုန်၊ အမှတ်(၁၁)အဆန်၊ အမှတ် (၁၂)အစုန် စုစုပေါင်း ၆စီးဖြင့် ပြေးဆွဲပြီး စာပို့ရထားမှာ အမှတ် (၁) အဆန်နှင့် အမှတ်(၂)အစုန်သာရှိသည်။ ယခုလက်ရှိတွင် အမှတ်(၅)အဆန်နှင့် အမှတ် (၆) အစုန်ကို ပထမဦးစွာ ငှားရမ်းပြီး နောက်ပိုင်းတွင် ရန်ကုန်-မြစ်ကြီးနား မီးရထားလုပ်ငန်းကိုလည်း ပုဂ္ဂလိကသို့ ငှားရမ်း လုပ်ကိုင်ခွင့် ပြုသွားမည်ဖြစ်သည်။ လက်ရှိ အမြန်ရထား လက်မှတ်မှာ ရိုးရိုးတန်း ၄၆၅၀ ကျပ်၊ အထက်တန်း ၉၃၀၀ ကျပ်နှင့် အိပ်စင် ၁၂၇၂၀ ကျပ်သာဖြစ်ပြီး ပုဂ္ဂလိက လုပ်ငန်းရှင် ငှားရမ်းစဉ်အတွင်း ဈေးနှုန်းအပြောင်းအလဲများ အနည်းငယ် ဖြစ်ပေါ်လာနိုင်သည်။

အေးမိုးကိုကို

Myanmartandawsint Newspaper

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons