Wednesday, April 23, 2014

ကချင်တိုက်ပွဲများကြောင့် ဗန်းမော်မြို့ အိမ်ခြံမြေ ဈေးနှုန်းများ တစ်ရှိန်ထိုး မြင့်တက်




ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဗန်းမော်မြို့၏ အိမ်ခြံမြေ ဈေးနှုန်းများသည် တစ်ရှိန်ထိုး မြင့်တက်ခဲ့ကြောင်း ဗန်းမော်မြို့ရှိ အိမ်ခြံမြေ ပွဲစားများထံမှ စုံစမ်းသိရှိရသည်။

ဗန်းမော်မြို့၏ အိမ်ခြံမြေဈေးမှာ ယခင်က ကျပ်သိန်း ၇၀ ခန့်တန်သော မြေတစ်ကွက်လျှင် လက်ရှိကာလ ပေါက်ဈေးမှာ ကျပ်သိန်း ၁၅၀ ခန့် ပေါက်ဈေး ရှိနေပြီး အချို့နေရာများတွင် ယခင်ကထက် သုံးလေးဆခန့် မြင့်တက်သွားကြောင်း၊ ထိုသို့ အိမ်ခြံမြေဈေးများ တစ်ရှိန်ထိုး မြင့်တက်လာရခြင်းမှာ ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်နောက်ပိုင်း ဗန်းမော်ခရိုင် အတွင်းရှိ နယ်စွန်နယ်ဖျား ဒေသများမှ ဒေသခံ သစ်မှောင်ခိုလုပ်ငန်း လုပ်ကိုင်သူ လုပ်ငန်းရှင်များ အများအပြား ဗန်းမော်မြို့ပေါ်တွင် အိမ်ခြံများ ဝယ်ယူလာမှု များကြောင့် ဖြစ်ကြောင်း ဗန်းမော်မြို့ခံ အိမ်ခြံမြေ ပွဲစားတစ်ဦးမှ ပြောကြားသည်။

“နယ်ကျေးရွာတွေကနေ တိုက်ပွဲကြောင့် မြို့ပေါ်ကို ပြေးလာသူတွေထဲမှာ သစ်လုပ်ငန်းကြောင့် ပိုက်ဆံရှိတဲ့ သူတွေလည်း ပါတယ်လေ။ သူတို့တွေက ဒုက္ခသည်စခန်းတွေမှာ မနေချင်ကြတော့ ဗန်းမော်မြို့မှာ အိမ်ခြံတွေ ဝယ်ကြတယ်။ အခုနောက်ပိုင်း အဲဒီလို လူတွေ များလာတော့ ဝယ်လိုအား များလာတာနဲ့ အိမ်ခြံမြေ ဈေးတွေလည်း တစ်ရှိန်ထိုး တက်လာတော့တာပဲ။ အရင်က ဗန်းမော်မှာ အိမ်ခြံမြေ ပွဲစားဆိုတာ လက်ချိုးရေလို့ရတဲ့ အနေအထားကနေ အခုတော့ ခြေချင်းကို လိမ်နေပြီ” ဟု အဆိုပါ ပွဲစားက မှတ်ချက်ပြု ပြောကြားသည်။

ယခုရက်ပိုင်း အတောအတွင်း ဗန်းမော်မြို့ အိမ်ခြံမြေ ဈေးကွက်တွင် မြို့နှင့်၃ မိုင်ခန့် အကွာရှိ ရွှေပြည်သာကျေးရွာမှ အိမ်ခြံမြေများ အရောင်းအဝယ် သွက်နေပြီး နေ့တိုင်းနီးပါး အရောင်းအဝယ် ဖြစ်ကြောင်း၊ ရွှေပြည်သာ ကျေးရွာရှိ အိမ်ခြံမြေဈေးမှာ ယခင်က ကျပ် ၁၀ သိန်းဝန်းကျင်ခန့်ရှိ မြေတစ်ကွက်လျင် လက်ရှိ ကျပ် သိန်း ၇၀ ကျော် လမ်းပေါက်သည့် နေရာတွင် ကျပ်သိန်း ၁၀၀ ကျော်နှင့် ဗန်းမော်-မြစ်ကြီးနား ကားလမ်းမကြီးဘေးရှိ မြေတစ်ကွက်လျှင် ကျပ်သိန်း ၇၀၀ ခန့် ပေါက်ဈေး ရှိနေကြောင်း အသက် ၃၀ ခန့်ရှိ ဗန်းမော်ဒေသခံ အိမ်ခြံမြေ ပွဲစားတစ်ဦး၏ ပြောပြချက်အရ ဆက်လက်သိရှိရသည်။

လက်ရှိ ဗန်းမော်မြို့၏ အိမ်ခြံမြေ ဈေးတွင် မြို့ပေါ်ရပ်ကွက် ဖြစ်သော အလင်ကုန်းရပ်ကွက် (သိမ်မဟာစေတီတော်ကြီးရှေ့) နှင့် အနီးတစ်ဝိုက်တွင် ဈေးအမြင့်ဆုံး ဖြစ်နေပြီး ယင်းနေရာရှိ မြေတစ်ကွက်လျှင် ကျပ်သိန်း ၆၀၀၀ ကျော်ခန့် ပေါက်ဈေး ရှိနေကြောင်းနှင့် လက်ရှိ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားသောကြောင့် မြို့ပေါ်တွင် အိမ်ခြံမြေ ဝယ်လိုသူများ ပိုမိုတိုးလာနိုင်သဖြင့် ဗန်းမော်မြို့၏ အိမ်ခြံမြေ ရောင်းဝယ်မှု ဈေးမှာလည်း ပိုမိုမြင့်တက်လာနိုင်ကြောင်း အိမ်ခြံမြေ ပွဲစားများက တူညီစွာ သုံးသပ်ပြောကြားသည်။

The Voice Weekly

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons