Monday, May 19, 2014

လက်ပံတောင်း ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခ ထပ်မံဖြစ်


  လက်ပံတောင်းတောင် စီမံကိန်းနယ်မြေ ဆည်းတည်းရွာ အနီးတွင် မေလ ၁၈ ရက်ညက ဒေသခံများနှင့် ရဲတပ်ဖွဲ့တို့ ယင်းနေ့ညတွင် ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များက ပြောကြားသည်။

လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားနေသူ တစ်ဦးဖြစ်သော ကိုအောင်စိုးကို ရဲတပ်ဖွဲ့က မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ရာ ဒေသခံများဘက်ကလည်း ဝမ်ပေါင်ကုမ္မဏီမှ တရုတ်ဝန်ထမ်း အမျိုးသားနှစ်ဦးကို ပြန်လည် ထိန်းသိမ်းခဲ့ရာမှ စတင်ပြီး ညနက်ပိုင်း အချိန်တွင် ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များက ပြောကြားသည်။

“ကျွန်မတို့က လျှော်ကြေး မယူထားတဲ့ လယ်ယာမြေတွေကို ခြံစည်းရိုး လာခတ်လို့ တရုတ်အမျိုးသား ဝန်ထမ်းနှစ်ဦးကို ရွာထဲခေါ်လာပြီး၊ လယ်ယာတွေကို ထွန်ယက်စိုက်ပျိုးခွင့် ပေးဖို့နဲ့ ခြံစည်းရိုး ထပ်မခတ်ဖို့ တောင်းဆို ညှိနှိုင်းတာပါ။ ဒါကို ညက ရဲတွေက အင်အားသုံးပြီး ရွာရဲ့တောင်ကပ်လျှက်က ဇီးတောဘုန်းကြီးကျောင်း အနီးကိုလာပြီး မျက်ရည်ယိုဗုံးတွေနဲ့ စပစ်ပါတယ်။ ဒေသခံတွေကလဲ ပြန်ပြီး ပစ်ခတ်တာတွေ ရှိပြီး နှစ်ဘက်တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်” ဟု ဆည်တည်းကျေးရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

ပစ်ခတ်မှုများသည် ညနက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့် အချိန်တွင် ဖြစ်ပွားခဲ့ပြီး၊ ရဲတပ်ဖွဲ့ဝင်များသည် ဇီးတောရွာ တောင်ဘက်ရှိ ကျောက်ဖြူတိုင်ကျေးရွာတွင် ကားများနှင့် ဆိုင်ကယ်များကို ထားခဲ့ပြီး ဇီးတောရွာအနီးသို့ သွားရောက်စဉ် ဒေသခံများမှ ဇီးတောရွာဘုန်းကြီးကျောင်း အတွင်းမှ ခဲ၊ လောက်လေးခွ မီးတုတ်များဖြင့် စတင်ပစ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များက ဆိုသည်။

ယင်းကဲ့သို့ ပစ်ပေါက်ခဲ့မှုများကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးမိနစ် ၂၀ ခန့်အကြာတွင် ကားများနှင့် ဆိုင်ကယ်များ ထားရှိရာ နေရာများသို့ ရဲတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာချိန်တွင် ကျောက်ဖြူတိုင် ကျေးရွာမှ ဒေသခံများကလည်း အနောက်မှ ပိတ်၍ လော်ကလေးခွများဖြင့် ပစ်ခတ်ခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ဆိုသည်။

ကျောက်ဖြူတိုင်ကျေးရွာတွင် ရပ်ထားခဲ့သည့် ရဲကားငါးစီးနှင့် ဆိုင်ယ်ကယ် ၁၂ စီးသည်လည်း ကျောက်ဖြူတိုင် ကျေးရွာဒေသခံများ ထုရိုက်ဖျက်ဆီးခဲ့ပြီး၊ ကားနှင့်ဆိုင်ကယ်များ ပျက်ဆီးမှုများ ရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

လက်ရှိ သတင်းရေးသားသည့် မေလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်အထိ တရုတ်အမျိုးသားနှစ်ဦးကို ဆည်တည်းရွာတွင်းရှိ အိမ်တစ်တစ်အိမ်တွင် ထိန်းသိမ်းထားဆဲ ဖြစ်ပြီး၊ ယင်းဝန်ထမ်းနှစ်ဦးကို ကောင်းမွန်စွာ ထားရှိကြောင်း ဆည်တည်းကျေးရွာမှ ဒေသခံများက ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များဘက်မှလည်း ယနေ့ နေ့လည်ပိုင်း အချိန်ထိ ဆည်တည်း ကျေးရွာအနီးတွင် ရဲအင်အား ၅၀၀ ကျော်အထိ ထပ်မံဖြည့်တင်းလျက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။

The Voice Weekly

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons