Thursday, May 22, 2014

တပ်မတော်ခေါင်းဆောင်များ ရွံ့ကြောက်ရသည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး (ငြိမ်း) ကွယ်လွန်ကြောင်း သတင်းထွက်ခြင်း မမှန်



တပ်မတော်အစိုးရ လက်ထက်တွင် တိုင်းမှူး၊ တပ်မမှူးများ အပေါ် DSA အပတ်စဉ် (၁)ဆင်း အနေဖြင့် သြဇာ လွှမ်းမိုးမှု ပြင်းထန်သည်ဟု သတ်မှတ်ခြင်း ခံရပြီး တပ်မတော် ခေါင်းဆောင်များ ရွံ့ကြောက်ခြင်း ခံရသည့် တပ်မတော် အစိုးရအဖွဲ့ အကြီးအကဲတစ်ဦး ဖြစ်ခဲ့သော ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး သည် နေအိမ်တွင် ဆေးကုသမှု ခံယူနေရင်း ၂၀၁၄ ခုနှစ်၊ မေ ၂၁ ရက် နံနက်ပိုင်း၌ မိသားစုဝင်များ ရှေ့တွင် ကွယ်လွန်သွားသည် ဟူသောသတင်းသည် စစ်အစိုးရ၏ အကျဉ်းသားဘ၀ဖြင့် ၁၉နှစ်ကျော် အကျဉ်းကျခံခဲ့ရသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ပြီး တစ်လတိတိ ပြည့်သောနေ့ မေ ၂၁ ရက် နံနက်ပိုင်းမှ စတင်ကာ ရန်ကုန်မြို့နေလူထုနှင့် နိုင်ငံရေး အသိုင်းအ၀ိုင်းကြားတွင် စတင် ပျံ့နှံ့ခဲ့သည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ကွယ်လွန်သွားပြီ၊ သေချာလား မသေချာလား စုံစမ်းပေးကြပါ၊ စသဖြင့် ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ နေခဲ့ပြီး၊ အထူးသဖြင့် ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း တစ်လပြည့်အတွက် ကျန်ရစ်သော မိသားစုဝင်များက မဟာစည်သာသနာ့ရိပ်သာ (၁၆၊ သာသနာ့ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်)တွင် ပြုလုပ်သော ဆွမ်းကျွေး အလှူတွင်လည်း စာရေးဆရာ အသိုင်းအ၀ိုင်းနှင့် နိုင်ငံရေး အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ် အချို့လည်း သတင်းမီဒီယာသမားများထံ အပူတပြင်း စုံစမ်းနေကြောင်း တွေ့ရသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး၏ မိသားစုဝင်တစ်ဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ ဦးမောင်အေး ကျန်းမာစွာ ရှိနေကြောင်း၊ ကျန်းမာရေး ပြဿနာ ကြီးကြီးမားမား ဖြစ်ပွားခြင်း မရှိကြောင်း မြန်မာ သံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ယနေ့တိုင် တပ်မတော် ခေါင်းဆောင်များ၏ ကြောက်ရွံ့ လေးစားခြင်း ခံရသော ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ပတ်သက်၍လည်း စစ်ရုံးတွင် တာဝန် ထမ်းဆောင်ခဲ့သော စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး တစ်ဦးက““ဒုချုပ်ကို ကြောက်ရတာပေါ့။ တင်ပြတဲ့ စာတွေဆိုရင် ကျွန်တော် သေသေချာချာ ဖတ်ပြီးရှင်းနိုင်မှ ဒုချုပ်ကို တင်ရတယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေးသည် ပြည်ပတွင် ဆေးကုသမှု ခံယူပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာပြီးနောက် ၎င်း၏ နေအိမ်သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက် တွေ့ဆုံခြင်း ရှိခဲ့သည်။

Myanmartandawsint Newspaper
ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး အနားယူပြီးနောက် ဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် ကန့်ဘလူမြို့သို့ သွားရောက်သော ခရီးစဉ်၌ ကမ္ဘောဇဘဏ် ဦးအောင်ကိုဝင်းနှင့်အတူ တွေ့ရစဉ်

၁၈-၅-၂၀၁၄ နေ့တွင် ကွယ်လွန်သွားသော KNU တပ်ဖွဲ့မှူး ဦးစောသူမူဟဲနှင့် ငြိမ်းချမ်းရေး ရယူစဉ်က ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဒုတိယဗိုလ်ချုပ်ကြီးတင်လှ၊ ဒုတိယဗိုလ်ချုပ်ကြီး ၀င်းမြင့်၊ တိုင်းမှူး ဗိုလ်ချုပ် ကက်စိန်၊ တပ်မမှူးဗိုလ်မှူးကြီးဟန်တင့်တို့ ပုံပါအတိုင်း တွေ့ဆုံခဲ့ကြသည်။

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons