EU မှ ထောက်ပံ့ထားသော စက်ဘီးများဖြင့် ရဲတပ်ဖွဲ့ဝင်များက မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ကင်းလှည့်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
မိုးရာသီကာလအတွင်း ခိုးမှုဖြစ်စဉ်နှင့် ဖောက်ထွင်းမှုဖြစ်စဉ်များမှာ တခြားကာလများထက် ပိုမိုဖြစ်ပွားနေမှုကြောင့် ယခုနှစ်မိုးရာသီကာလအတွင်း ယင်းကဲ့သို့ ပြစ်မှုကျူးလွန်သူများနှင့် မသင်္ကာသူများကို ထိရောက်စွာ အရေးယူနိုင်ရန်၊ ဖြစ်စဉ်များလျော့ကျရန်အတွက် စီမံချက်ချမှတ်ကာ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ မေ ၂၀ ရက်တွင် စုံစမ်းသိရသည်။
ယင်းကဲ့သို့ ခိုးမှုဖြစ်စဉ်များနှင့် ဖောက်ထွင်းမှုဖြစ်စဉ်များ အများဆုံးဖြစ်ပွားလေ့ရှိသည့် မိုးရာသီကာလတွင် ပြစ်မှုကျူးလွန်သူများနှင့် မသင်္ကာသူများကို မြို့နယ်အသီးသီးတွင် ရဲတပ်ဖွဲ့မှ ကင်းပုန်းဝပ်ကာ စောင့်ကြည့် စစ်ဆေးဖမ်းဆီးခြင်း၊ ၂၄ နာရီ အချိန်ပိုင်းခြားပြီး လှည့်ကင်းပတ်ကင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်နေကြောင်း သိရသည်။
"အခုမိုးတွင်းကာလရောက်ရှိလာတဲ့အတွက် ပုံမှန်လုပ်နေတဲ့ ကင်းလှည့်စစ်ဆေးခြင်းလုပ်ငန်းတွေကို ပိုပြီးတိုးချဲ့ဆောင်ရွက်နေတယ်။ မိုးတွင်းဆိုတဲ့အတွက် မသမာသူတွေက ရာသီဥတုအမှောင်အချိန်နဲ့ လူတွေရဲ့ အငိုက်အချိန်တွေကို စောင့်ပြီးတော့ခိုးမှုတွေ၊ ဖောက်ထွင်းမှုတွေကို ကျူးလွန်နေကြတယ်။ ပြည်သူတွေအနေနဲ့ အိမ်နီးနားချင်းစောင့်ရှောက်မှုစနစ်ကိုလည်း ပိုပြီးလုပ်ဆောင်ဖို့လိုသလို မသင်္ကာတာတွေ့ရှိရင်လည်း နီးစပ်ရာရဲစခန်းကို အကြောင်းကြားဖို့လိုပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က ပြောကြားခဲ့သည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက "ညဥ့်နက်ပိုင်းအချိန်တွေ၊ နံနက်စောပိုင်းအချိန်တွေအပြင် နေ့ခင်းဘက်တွေမှာလည်း ကင်းလှည့်စစ်ဆေးမှုတွေကို စနစ်တကျလုပ်နေတယ်။ ဒါ့အပြင် ခိုးမှုကျူးလွန်တဲ့သူတွေက ရဲတပ်ဖွဲ့ကိုတွေ့ရင် ရှောင်ပြေးမှုတွေ ပြုလုပ်နေတဲ့အတွက် သူတို့မမြင်နိုင်တဲ့နေရာတွေမှာ ကင်းပုန်းဝပ်ပြီးတော့ စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်။
ဒီရက်ပိုင်းအတွင်းမှာလည်း မသင်္ကာသူတွေကို စစ်ဆေးတွေ့ရှိရပါတယ်" ဟု မေ ၂၀ ရက် နံနက်ပိုင်းတွင်ဆိုသည်။
အဆိုပါကဲ့သို့ ကင်းပုန်းဝပ်ပြီး စောင့်ကြည့်စစ်ဆေးဖမ်းဆီးသည့်စနစ်ကို မြို့နယ်အသီးသီးတွင် ဆောင်ရွက်နေကြောင်း သိရသည်။
"အခုကာလအတွင်းမှာ ခိုးမှုကျူးလွန်တဲ့သူတွေက ခြံစည်းရိုးကိုကျော်ပြီးတော့ ခိုးယူတာတွေ၊ ပြတင်းပေါက်တွေကနေတစ်ဆင့် အိမ်ထဲကိုဝင်ရောက်ခိုးယူတာတွေ၊ သော့မခတ်ထားတဲ့ တံခါးတွေကတစ်ဆင့် ခိုးယူတာတွေနဲ့ စနစ်တကျ တံခါးမပိတ်ထားတဲ့ ကားထဲကပစ္စည်းတွေ၊ ဘက်ထရီအိုးတွေကို အများဆုံး ခိုးယူနေကြပါတယ်" ဟု ဒုတိယရဲမှူးကြီးမြင့်အေးက ဆက်လက်ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခိုးမှုဖြစ်စဉ်များ နေ့စဉ်နီးပါးဖြစ်ပွားနေသော်လည်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် မီဒီယာများအား သတင်းထုတ်ပြန်ရာတွင် ယခုလအတွင်း ကျူးလွန်သူ ဖမ်းဆီးရမိသည့် ခိုးမှု (၃၈၂) သုံးမှုနှင့် အိမ်ဖောက်ထွင်းမှုတစ်မှုကိုသာ ထုတ်ပြန်ပေးခဲ့သည်။
၂၀၁၄ခုနှစ် ဧပြီလအတွင်းတွင် ရန်ကုန်တိုင်းဒေသကြီး၌ ခိုးမှု ၈၇ မှုဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံးတွင် ခိုးမှုဖြစ်စဉ် စုစုပေါင်း ၃၅၇ မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ စုံစမ်းသိရှိရသည်။



Myanmar Kyat Converter
8:17 PM
New Lover

Posted in:
0 မှတ်ချက်ပေးရန်:
Post a Comment