တစ်ခါက မြည်းလုံးဝမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို လူတစ်ယောက်က တခြားနေရာကနေ မြည်းတစ်ကောင်ဝယ်လာတယ်။ ဒါပေမယ့် သူက လှေပေါ်က အဆင်းမှာ မြည်းကို သေချာမချည်ထားလို့မြည်းကထွက်ပြေးသွားတယ်။
မြည်းက ပြေးရင်းနဲ့ အဲဒီကျွန်းပေါ်က တောင်ပေါ်ကို ရောက်သွားတယ်။ တောင်ပေါ်မှာ ကျားတစ်ကောင် မင်းမူတယ်။ တစ်နေ့ကျတော့ ကျားက အမဲလိုက်ထွက်ရင်းနဲ့ မြည်းကို တွေ့သွားတယ်။သူလဲ တစ်ခါမှ မမြင်ဘူးတာမို့ ဒီအကောင်ဟာ ရိုးရိုးအကောင်မဟုတ်လောက်ဘူး နတ်မင်းတစ်ယောက်ဖြစ်ရမယ်လို့တွေးတယ်။ ပြီးတော့ မြည်းကို အနီးကပ်သွားကြည့်တယ်။ မြည်းကလဲ အဲဒီအချိန်မှာ လန့်ပြီး အော်လိုက်တယ်။
မြည်းအော်သံကို မကြားဖူးတဲ့ ကျားဟာ အသံကို အလွန်ကြောက်စရာကောင်းတယ်လို့ ထင်သွားတယ်။ ပြီးတော့ တစ်တောလုံးကို လိုက်ပြီးတော့ မြည်းအကြောင်းပြောပြတယ်။ ကျားကလဲ မြည်းကို ဘုရင်တင်လိုက်ပြီး သူကတော့အနားမှာ ခစားတယ်။ ဒီလိုနဲ့ မြည်းဟာ ရက်တော်တောကြာ အဲဒီတောင်ပေါ်မှာ ဘုရင်ဖြစ်နေတာပေါ့။
ဒီလိုနဲ့ တစ်နေ့ကျတော့ တောင်အောက်က လူတွေစုပြီး တောင်ပေါ်တက်လာတယ်။ မြည်းကို လာရှာကြတာပေါ့။ကျားနဲ့ တခြားတိရစ္ဆာန်တွေလဲ ပုန်းကြတယ်။ နောက်တော့ မြည်းဟာ ယက်ကန် ယက်ကန်နဲ့ လူတွေနောက်ပြန်ပါသွားတယ်။ ကျားနဲ့ သူ့တောကောင်တွေလဲ သူတို့ဘုရင်ကြီး ပြန်လာမယ့်နေ့ကို စောင့်နေကြတယ်။
ဒါပေမယ့် မြည်းကတော့ တောင်အောက်က ရွာမှာ လှည်းဆွဲနေရသတဲ့
ပုံပြင်လေးကတော့ ဒါလေးပါပဲ
တစ်ခါတစ်လေမှာ ကျွန်ုပ်တို့ဟာ ကိုယ်နဲ့မတူဘူး ဆိုရင် အထင်ကြီးတတ်ကြတယ် ဒါပေမယ့် အဲလို အထင်ကြီးနေတာတွေဟာ မှားနေတတ်တယ်။ တကယ်က အသေးစိတ် လေ့လာပြီးမှသာ သူ့ကိုသေသေချာချာ ဆက်ဆံသင့်ပါကြောင်း
မောင်စိုင်း

0 မှတ်ချက်ပေးရန်:
Post a Comment