နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မေလ ၁၉ ရက်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကို ကွင်းဆင်းကြည့်ရှုနေစဉ် (ဓာတ်ပုံ - MOI)
ယာဉ်မတော်တဆမှုများကြောင့် ခြောက်နှစ်အတွင်း လူပေါင်း ၃၈၀ ဦး သေဆုံးပြီးနောက် ရန်ကုန်-နေပြည်တော် အမြန်လမ်း၏ ကြံ့ခိုင်မှုအခြေအနေကို ပြန်လည်ပြုပြင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် မေလ ၁၉ရက်က ပထမဆုံးအကြိမ် ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါ လမ်းပိုင်းတစ်လျှောက်ရှိ တံတားများကို မူလ စီမံကိန်း ရည်မှန်းချက်ပါအတိုင်း ရှစ်လမ်းသွားတံတားအဖြစ် ထပ်မံ တိုးချဲ့တည်ဆောက်သွားမည်ဖြစ် ပြီး လမ်းမကြီးတစ်လျှောက်ကိုလည်း လေးလမ်းသွားမှ ခြောက်လမ်းသွားအဖြစ် တိုးချဲ့သွားမည်ဟုသိရသည်။
လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုများဖြစ်ပွားရခြင်းမှာ ယာဉ်မောင်းသူ၏ မဆင်မခြင် မောင်းနှင်မှု၊ ယာဉ်၏ချို့ယွင်းမှု နှင့် ရာသီဥတုကြောင့်ဖြစ်ရာ ယာဉ်မတော်တဆမှုဖြစ်ပွားမှု လျော့နည်းရေးအတွက် အသိပညာပေးလုပ်ငန်းများ ပိုမိုဆောင်ရွက်သွားရန်၊ လမ်းတံတားကြံ့ခိုင် ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့အတွက် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလမ်းညွှန်ခဲ့သည်။
ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ တိုင်းတာချက်များအရ ဦးစားပေးပြုပြင်ရမည့် လမ်းမကြီး၏ ခြောက်ရာခိုင်နှုန်းကို အမြန်ပြု ပြင်သွားရန် ဦးစားပေးဆောင်ရွက်ရေးကိုလည်း သမ္မတကပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အမြန်လမ်းမကြီး ပြု ပြင်ထိန်းသိမ်း အဆင့်မြှင့်တင်မှုများပြုလုပ်ရန် မိုင်တိုင်အမှတ် ၁၁၉/၂၌လည်းကောင်း၊ ၁၃၈/၂ ရှိ အုတ်တွင်းတံတားကိုရှစ်လမ်း သွားတံတားအဖြစ် တည်ဆောက်နေမှုကိုလည်းကောင်း၊ မိုင်တိုင် အမှတ် ၁၄၅/၂ရှိ ခပေါင်းတံတား ကို ရှစ်လမ်းသွားအဖြစ်တည် ဆောက်ရန်စီစဉ်နေမှုကိုလည်းကောင်း၊ မိုင်တိုင် ၁၈၅/၁တွင် ကတ္တရာထပ်ပိုးလွှာခင်း၍ လမ်းကြံ့ခိုင်မှုမြှင့်တင်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် လူ ၁၄ဦး သေဆုံးခဲ့ရသည့် ရာဇာမင်းမော်တော်ယာဉ်ထိုးကျခဲ့သည့် မိုင်တိုင် ၁၉၇/၅ရှိ ရထားလမ်းခုံးကျော်တံတားအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ယခင်မူလစီမံကိန်းအတိုင်း ရှစ်လမ်းသွားတံတားအဖြစ် တိုးချဲ့တည်ဆောက်သွားရန် ပြောကြားသည်။
ရန်ကုန်-နေပြည်တော်အမြန်လမ်းကို ၂၀၀၅ ခုနှစ်က စတင် တည်ဆောက်ခဲ့ပြီး ၂၀၀၉ခုနှစ်တွင် တစ်ဖက်နှစ်လမ်းသွားနှင့် လေးလမ်းသွားအဖြစ်ဖွင့်လှစ်ပေးခဲ့သည်။ လမ်း၏ မူလရည်ရွယ်ချက်မှာ ရှစ်လမ်းသွားနိုင်လွန် ကတ္တရာလမ်းအဖြစ်ဖောက်လုပ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သော်လည်း ဘဏ္ဍာငွေ မတတ်နိုင်သည့်အတွက် ကွန်ကရစ်လေးလမ်းသွားအဖြစ်သာ ဖောက်လုပ်နိုင်ခဲ့သည်။
အမြန်လမ်းကို နိုင်ငံတကာသို့ အကူအညီတောင်းခံရာတွင် ဂျပန်နိုင်ငံမှ နိပွန်ဟိုင်းဝေးကုမ္ပဏီမှ ပညာရှင်များစေလွှတ်၍ လမ်း ၏ လက်ရှိအခြေအနေကို တိုင်း တာစစ်ဆေးခဲ့ကြသည်။ ယင်းစစ် ဆေးမှုများအရ လမ်းအရှည် ၃၆၆ မိုင် ၃ဖာလုံတွင်ခြောက်ရာခိုင်နှုန်း အလျင်အမြန်ပြုပြင်ရမည့်အခြေအနေဖြစ်ပြီး ၁၉ရာခိုင်နှုန်းမှာ ပြုပြင်ထိန်းသိမ်းဆောင်ရွက်သွားရမည့်အခြေအနေတွင် ရှိနေကြောင်းတွေ့ရှိခဲ့ကြသည်။
‘‘ကွန်ကရစ်လမ်းလုပ်တဲ့အခါမှာ အဓိက ကတော့ အောက်ခံ မြေသားတွေ နိမ့်ဆင်းသွားတဲ့ပြဿနာပဲ။ အဓိကကတော့ ရေသွင်းရေထုတ်မြောင်းတွေ မကောင်းလို့ပါ။ သူတို့ကလည်း ဒါတွေကိုကောင်းအောင်ပြုပြင်ဖို့အကြံပေးတဲ့အတွက် ကောင်းအောင်လုပ်နေပါပြီ’’ဟု အမြန်လမ်း အထူးစီမံကိန်းမှ အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ အမြန်လမ်းစီမံကိန်းကို ၁၉၅၉ခုနှစ်၌ အမေရိ ကန်အကူအညီဖြင့် လေ့လာတိုင်းထွာခဲ့ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်နိုင်စွမ်းမရှိခဲ့ပေ။ ထို့နောက် ၁၉၇၉ခုနှစ် တွင် ပြန်လည်စတင်ရန် ကြိုးပမ်းခဲ့ပြီး လှေလှော်အင်း-ငါးဆူ တောင်မှ မိတ္ထီလာမြို့အထိ မိုင်သုံးရာဖောက်လုပ်ရန် စီစဉ်ခဲ့သည်။
သို့ရာတွင် သုံးမိုင်ကျော်သာ ဖောက်လုပ်ပြီးနောက် စီမံကိန်းတစ်ခုလုံးကို ရပ်ဆိုင်းခဲ့ရကြောင်း ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဦး ကျော်လင်းကပြောကြားခဲ့သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် နေ့စဉ်ဖြတ်သန်းနေသော ကားများကို အချိုးချကြည့်ပါ က ကားအစီးရေတစ်ထောင်တွင် တစ်စီးက မတော်တဆမှုနှင့်ကြုံ တွေ့နေရသည်။ ယင်းမတော်တဆမှုများသည် အာရှ၌ ကမ္ဘောဒီးယားနိုင်ငံပြီးလျှင် မြန်မာနိုင်ငံက ဒုတိယအများဆုံးအရေအတွက် ဖြစ်သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ရန်ကုန်မြို့မှ ၈၃ မိုင် အကွာအဝေးထိ ဆည်များကိုရှောင်၍ ဖောက်လုပ်ခဲ့ရသဖြင့် အကွေ့ အကောက်များသောကြောင့် အန္တရာယ်များသည့် လမ်းပိုင်းဖြစ်သည်။ ထို့အပြင် ယင်းဧရိယာတွင် ရေ၀ပ်ဧရိယာများရှိသဖြင့် လမ်း အသုံးပြုသူများ သတိထားသင့်ကြောင်း ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ အသိပေးပြောကြားထားဖူးသည်။
အမြန်လမ်းမကြီး၏ မူလစီမံကိန်းတွင် ကုန်တင်ကားများသာ ဖြတ်သန်းနိုင်မည့် ရှစ်လမ်းသွား လမ်းမကြီးဖြစ်ပြီး ကွန်ကရစ်ပေါ်တွင် နိုင်လွန်ကတ္တရာထပ်ပိုးရန် ပါဝင်သော်လည်း ဘဏ္ဍာငွေအခြေအနေအရ လေးလမ်းသွားကွန်ကရစ်သာ ဖောက်လုပ်နိုင်ခဲ့ကာ နိုင်ငံတကာအကူအညီများ ရရှိပါက မူလစီမံကိန်းအတိုင်း အကောင်အထည်ဖော်သွားမည်ဟု ဦးကျော်လင်းကပြောကြားခဲ့ဖူးသည်။
ယခုကဲ့သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ရန်ကုန်-နေပြည်တော်လမ်းပိုင်း ကြံ့ခိုင်ရေးစီမံကိန်းများသို့ ကွင်းဆင်းစစ်ဆေးခြင်းသည် အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှုများကြောင့် လူအများသေဆုံးခဲ့ရသည့် မိုင်တိုင်အမှတ် ၁၉၇ တွင် ရာဇာမင်းယာဉ်လိုင်း ချောက်အတွင်းထိုးကျ၍ ၁၄ ဦး သေဆုံးသည့် ဖြစ်ရပ်ပြီးနောက် ပထမဆုံးအကြိမ်ဖြစ်သည်။

0 မှတ်ချက်ပေးရန်:
Post a Comment