Thursday, June 26, 2014

ရိုမန်းဘောထ့်တွေရဲ့ကမ္ဘာ စာရေးဆရာ အောင်ရင်ငြိမ်း တိမ်းရှောင်နေသည်ဟု သတင်းများထွက်ပေါ်






ရန်ကုန်၊ဇွန် ၂၆

ညစ်ညမ်းစာများ ပါဝင်နေသည့်အတွက် ဝေဖန်မှုများ ဆက်တိုက်ကြုံနေရသည့် ရိုမန်းဘောထ့်တွေရဲ့ ကမ္ဘာစာအုပ်၏ စာရေးဆရာ၊ ကဗျာဆရာ အောင်ရင်ငြိမ်းမှာ တိမ်းရှောင်နေသည့် သတင်းများ ထွက်ပေါ်နေကြောင်း စာရေးဆရာ၊ ကဗျာဆရာ အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။

“တစ်နေ့က မြို့ထဲမှာ ကောင်မလေး တစ်ယောက်နဲ့ သူ့ကို တွေ့လိုက်သေးတယ်။ ခုရက်ပိုင်းတော့ ရဲတွေရှာနေလို့ ရှောင်နေတယ်လို့ ကြားတယ်။ သူ့စာအုပ်ကိုတော့ စာပေလောက က စာရေးဆရာ အကုန်နီးပါးကတော့ လက်မခံကြဘူး” ဟု ကဗျာဆရာတစ်ဦးက ပြောဆိုသည်။

စာအုပ်ထဲတွင် ညစ်ညမ်းစာများ ပါဝင်နေသည့်အတွက် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ ပုဒ်မ (၈) (ဂ)၊ ရောင်းချခြင်းမှာ ပြစ်မှုဆိုင်ရာ ဥပဒေ (၁၉၂) အရ အကျုံးဝင်နေသဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနက တရားစွဲရန် စီစဉ်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနက သိရသည်။

“ဒီရက်ပိုင်းမှာပဲ အမှုဖွင့်ဖို့ ရှိတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့နဲ့ ညှိနေတယ်။ ရဲဘက်က အရေးယူရင် နှစ်ခုဖြစ်မှာ စိုးလို့ ညှိနှိုင်းနေတယ်” ဟု ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင်က ပြောကြားသည်။

တိမ်းရှောင်နေသည့် သတင်းများ ထွက်ပေါ်မှုနှင့် ပတ်သက်ပြီး စာရေးဆရာ အောင်ရင်ငြိမ်းထံသို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပေ။

ရိုမန်းဘောထ့်တွေရဲ့ ကမ္ဘာစာအုပ် ထုတ်ဝေသူ ဒေါ်ဇင်နှင်းက “စာရေးဆရာကို ရှာတာ ခက်တဲ့ကိစ္စတော့ မဟုတ်ဘူး။ အမရော သူရောက ဒါလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ သိတယ်။ သူက တိမ်းရှောင်နေတာလည်း မဟုတ်ဘူး။ အေးအေးဆေးဆေး နေတတ်တဲ့သူပါ။ သူ့ကို ရှာမတွေ့ဘူး ဆိုတာ ရှာတဲ့သူတွေ ညံ့လို့ ဖြစ်ပါလိမ့်မယ်” ဟု ဆိုသည်။

၎င်းစာအုပ်မှာ စာအုပ်အရောင်းဆိုင်များတွင် လက်ကျန် မရှိတော့သဖြင့် ဝယ်ယူ၍ မရတော့ဘဲ မိတ္တုကူး ရောင်းချနေမှုများလည်း ရှိနေသည်။

အဆိုပါ စာအုပ်နင့် ပတ်သတ်သည့် ရေးသားသူ၊ ထုတ်ဝေသူနှင့် ဖြန့်ချိသူများကို စတင်စုံစမ်းနေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons