Saturday, March 29, 2014

ရန်ကုန် အပါအဝင် မြို့ကြီးအချို့ နေ့အပူချိန်များ ဆက်လက်မြင့်တက်မည်






ရန်ကုန်၊ မတ် ၂၈

ရန်ကုန်မြို့တော် အပါအဝင် မြို့ကြီးအချို့တွင် ဧပြီလဆန်းအထိ နေ့အပူချိန်များ ဆက်လက် မြင့်တက်နေပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများပါ လွန်ကဲအဆင့်သို့ ရောက်ရှိမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ရန်ကုန်မြို့တော် အပါအဝင် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရက်ပိုင်းအတွင်း ယခုနှစ် နွေရာသီ၏ အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်မှ ၄၂ ဒီဂရီ စင်တီဂရိတ်အထိ ရောက်ရှိမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ခရမ်းလွန်ရောင်ခြည် ကျရောက်မှုမှာလည်း ကော့သောင်းမြို့နှင့် ထားဝယ်မြို့တို့တွင် အန္တရာယ်ရှိ လွန်ကဲအဆင့် အညွှန်းကိန်း ၁၃ အထက်ကို ရောက်ရှိနေပြီး ရန်ကုန်၊ မော်လမြိုင်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် အညွှန်းကိန်း ၁၂ ထက် ကျော်လွန် ရောက်ရှိနေသဖြင့် သတိပြုရန် လိုကြောင်း ဦးထွန်းလွင်က ဆက်လက် ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကလည်း မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများမှအပ ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ယခု ရက်အနည်းငယ်အတွင်း နေ့အပူချိန်များ တိုးလာမည် ဖြစ်ကြောင်း ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

နေ့အပူချိန်များ ဆက်တိုက် မြင့်တက်နေပြီး ခရမ်းလွန်ရောင်ခြည် ကျရောက်မှုများလည်း အန္တရာယ်ရှိအဆင့် ရောက်ရှိနေခြင်းကြောင့် အသက်အရွယ် ကြီးမြင့်သူများနှင့် ကလေးသူငယ်များ အပူဒဏ်ကို ရှောင်ရှားကြရန်နှင့် နေပူထဲသို့ သွားလာ လှုပ်ရှားသူများသည် အပူဒဏ်ကို ကာကွယ်နိုင်မည့် ထီး၊ ဦးထုပ် စသည်တို့ကို ဆောင်သွားရန် လိုကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။

The Voice Weekly

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons