ရန်ကုန်မြို့တော်စည်ပင်ဟာ လာမယ့် စက်တင်ဘာလကစပြီး လမ်းဘေးဈေးသည်တွေကို ဖယ်ရှား၊ ဖမ်းဆီး အရေးယူတာတွေ လုပ်တော့မယ်လို့ ဆိုပါတယ်။ တကယ်တော့ စည်ပင်သာယာရေးအဖွဲ့တွေအနေနဲ့ လမ်းဘေးဈေးသည်တွေကို ခုလိုပဲ ဘယ်နေ့ ရှင်းမယ်၊ ဘယ်နေ့ ဖယ်မယ်၊ ဘယ်နေ့ဖမ်းမယ် ပြောပြီး အကောင်အထည်ဖော်လာလိုက်တာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တစ်နှစ်လည်းမဟုတ် နှစ်နှစ်လည်းမဟုတ်၊ ၁၀ နှစ်တောင် မကပါဘူး။
ရန်ကုန် လမ်းဘေး စနစ်တကျ ဖြစ်မလာရုံမက ပိုပြီး ရှုပ်ထွေး၊ ပိုပြီး ညစ်ညမ်း၊ ပိုပြီး စည်းကမ်းမဲ့ဖြစ်လာတာပဲ တွေ့မြင်ရပါတယ်။ လမ်းဘေးဈေးသည်၊ ကားပါကင်ထိုးမယ့် ကားပိုင်ရှင်၊ လမ်းပေါ်မောင်းတဲ့ ကား၊ လမ်းလျှောက်မယ့် ပြည်သူ၊ တိုက်ခန်းတွေမှာ နေထိုင်သူအားလုံး ဘယ်သူတွေမှ အဆင်မပြေကြပါဘူး။ အခု စည်ပင်ရဲ့ လမ်းဘေးဈေးသည်တွေကို ရှင်းလင်းမယ်ဆိုတဲ့ အစီအစဉ်ဟာ အထက်အမိန့်အရ လူကြားကောင်းအောင် ကြော်ငြာတာလား၊ တကယ်ပဲ အစီအစဉ်ရှိရှိ စနစ်တကျ လုပ်တာလား၊ အောင်မြင်နိုင်ပါ့မလားဆိုတာ ဆွေးနွေးကြည့်ကြရအောင်ပါ။
လက်ရှိ ရန်ကုန်မြို့တော် လမ်းဘေး အခြေအနေဟာ အရင် တစ်နှစ် နှစ်နှစ်က ထက်တောင် အများကြီး ဆိုးလာနေပါတယ်။ ပထမအကြောင်းကတော့ ကားပါကင်အတွက်ဆိုပြီး ပြည်သူတွေ သွားလာနေတဲ့ ပတ်လက်ဖောင်းတွေကို လှီးပြီး ဘိလပ်မြေဖို့တဲ့ အလုပ်တွေ လျှောက်လုပ်နေကြလို့ပါ။ ကားပါကင်နဲ့ ပတ်သက်ရင် ရန်ကုန်စည်ပင်ကိုရော အစိုးရတစ်ဖွဲ့လုံးကိုပါ အပြစ်တင်ရမှာ ဖြစ်ပါတယ်။ ရန်ကုန်မှာ အဆောက်အအုံဆောက်ရင် သတ်မှတ်ထားတဲ့ အဆောက်အအုံ ပုံစံ၊ အထပ်အရေအတွက်ရှိရင် ကားပါကင် ထည့်သွင်းပေးရမယ်ဆိုတဲ့ စည်းကမ်းချက်ရှိပြီးသားပါ။ ဒါပေမဲ့ နှစ်ပေါင်းများစွာအတွင်း ရန်ကုန်မှာ အထပ်မြင့် အဆောက်အအုံအများကြီး ပေါ်လာပေမယ့် စည်းကမ်းသတ်မှတ်ချက် အရေအတွက်အတိုင်း ကားပါကင်တွေ ပါမလာပါဘူး။ မြေညီထပ်ဈေးကောင်းတဲ့ အနေအထားအောက်မှာ အဆောက်အအုံ ပိုင်ရှင်တွေနဲ့ စည်ပင်တာဝန်ရှိသူတွေ စည်းဝါးရိုက် လုပ်ကိုင်ခဲ့တာကြောင့် ရန်ကုန်က အဆောက်အအုံတွေမှာ ကားပါကင်တွေ ပါမလာဘဲ ဒီနေ့ ကားပါကင်ရှားတဲ့ အခြေအနေ ဖြစ်လာရတာပါ။
နောက်ပိုင်း ကားတွေများလာတော့ သီးသန့်ဖြစ်စေ၊ တခြားအသုံးချမှုနဲ့ ရောပြီးဖြစ်စေ ကားပါကင်တွေ ဖော်ထုတ်ဖို့လိုလာပြန်ပါတယ်။ ဒီအတွက် ကားပါကင် လုပ်မယ့် မြေနေရာလိုပါတယ်။ ဒါပေမဲ့ ဘယ်ဝန်ကြီးဌာနကမှ သူတို့ပိုင်မြေတွေကို ကားပါကင်လုပ်ဖို့ မပေးပါဘူး။ ၀န်ကြီးတွေနဲ့ ၀န်ကြီးဌာနထိပ်ပိုင်း တာဝန်ရှိသူတွေဟာ ဌာနပိုင် မြေကွက်၊ အဆောက်အအုံတွေကို သူတို့ ဘိုးဘွားပိုင် အမွေအနှစ်တွေလို့ သဘောထားကြသူတွေပါ။ ကိုယ်ကျိုး သိပ်မရနိုင်တဲ့ ကားပါကင်အတွက် ဘယ်သူမှ မြေနေရာ မပေးတာကြောင့် အခု အများမြင်နေရသလို ပြည်သူတွေပိုင်တဲ့ သွားလာနေတဲ့ ပလက်ဖောင်းတွေကို လှီးပြီး ကားတွေရပ် ခိုင်းတာမျိုး လုပ်နေပါတယ်။ ပြောရရင် ရန်ကုန်မှာ ကားအားလုံးဟာ လမ်းပေါ်မှာ ချည်းပါ။
ရန်ကုန်လမ်းဘေးမှာ နောက်ထပ်တက်လာတဲ့ ပြဿနာက လမ်းဘေးဈေးသည် အလွန်များလာခြင်းပါ။ သူတို့ ပြဿနာတော့ မဟုတ်ပါဘူး။ ဆိုင်ခန်းဖွင့်လှစ်နိုင်တဲ့ မြေညီထပ် အခန်းငှားခတွေ ဈေးနှုန်းခေါင်ခိုက်လာတာ၊ စည်ပင်နဲ့ ပြေလည်ရင် လမ်းဘေးမှာ ဆိုင်တစ်ဆိုင် အလွယ်တကူဖွင့်နိုင်တာ၊ တခြား အလုပ်အကိုင် အခွင့်အလမ်းတွေလည်း နည်းပါးလာတာမို့ လမ်းဘေး ဈေးသည် ပေါများလာတာ ဖြစ်ပါတယ်။ ရန်ကုန် စည်ပင်နယ်နိမိတ်ထဲမှာတင် လမ်းဘေးဈေးသည် သောင်းနဲ့ချီ၊ မှီခိုသူ မိသားစုဝင် သိန်းနဲ့ချီရှိနေနိုင်ပါတယ်။ လမ်းဘေးဈေးသည်လို့သာ ပြောရ၊ တချို့ဆို နှစ်ဆယ်နဲ့ချီ လမ်းပေါ်မှာပဲ ဈေးရောင်းခဲ့သူမျိုးတောင် အများကြီးရှိပါတယ်။
တကယ်တော့ လမ်းဘေးဈေးသည်၊ ပြည်သူတွေ သွားလာရေး၊ ကားပါကင်၊ ရေနုတ်မြောင်းစတဲ့ ကိစ္စအားလုံးကို သက်ဆိုင်ရာ စည်ပင်က အစီအစဉ်ရှိရှိ စနစ်တကျ စီမံခန့်ခွဲ ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။ ဈေးသည်တွေကို ဖယ်မယ်ဆို ဘယ်နေရာကနေ စဖယ်မလဲ၊ သူတို့အတွက် လက်တွေ့ကျကျ ဘာတွေ စဉ်းစားထားသလဲ၊ ဘာတွေ ပြင်ဆင်ထားသလဲ စသဖြင့် စနစ်ကျတဲ့ အစီအစဉ်တွေ ရှိရပါမယ်။ ဒီလိုမှမဟုတ်ဘဲ ပြည်သူတွေ ပြောပါများလာချိန် အထက်က ခိုင်း၊ ဒီအခါ အောက်ခြေ ၀န်ထမ်းတွေက ဖမ်း၊ ဈေးသည်တွေက ဘ၀ပျက်မှာမို့ အဖမ်းမခံရင် အကြမ်းဖက်စသဖြင့် မတည်မငြိမ်ဖြစ်ကြ၊ ပျက်ကြတာကလည်း မကြာခဏပါပဲ။ လက်ရှိ လွှတ်တော်အမတ် ဦးအောင်သိန်းလင်း မြို့တော်ဝန်ဘ၀ကတောင် လမ်းဘေးဈေးသည်တွေကို ဘယ်နှစ်လအတွင်း သူကိုယ်တိုင်အပြီး ရှင်းပစ်မယ်ဆိုပြီး ကြွေးကြော်ဖူးပါတယ်။ အဲလို ကြွေးကြော်လို့ ဘယ်အချိန်များ ဦးအောင်သိန်းလင်းတစ်ယောက် ဆာမူရိုင်း ၀တ်စုံဝတ်၊ ကင်ဒိုဓားကြီးကိုင်ပြီး ထွက်လာလေမလဲ မျှော်လင့်ခဲ့ကြပါသေးတယ်။ နောက်ဆုံးတော့လည်း ဖမ်းလိုက်၊ ပြဿနာတွေဖြစ်လိုက်နဲ့ ခုလိုပဲ အစီအစဉ်မကျ စည်းမဲ့ကမ်းမဲ့ ဖြစ်မြဲဖြစ်ဆဲ ပြန်ဖြစ်တာပါပဲ။
အခုလည်း လမ်းဘေးဈေးသည်တွေကို နီးရာ ဈေးတွေမှာ နေရာချထားပေးမယ် ပြောနေပြန်ပါပြီ။ ဒီလိုပြောပြီး အကောင်အထည်ဖော်ခဲ့တာ တစ်ကြိမ်၊ နှစ်ကြိမ် မကပါဘူး။ အောင်လည်း မအောင်မြင်ဘဲ ထင်ရာမြင်ရာ လျှောက်လျှောက်ပြောနေသလိုတောင် ဖြစ်နေပါတယ်။ တကယ့်တကယ် လမ်းဘေးဈေးသည်တွေကို စနစ်တကျနေရာချမယ်ဆိုရင် လက်တွေ့ကျတဲ့ အစီအစဉ်တွေရှိဖို့လိုပါတယ်။ တကယ် အရည်အချင်းရှိတဲ့ သူ၊ ဆုံးဖြတ်နိုင်တဲ့သူက ဦးဆောင်အကောင်အထည်ဖော်မှ ရနိုင်ပါမယ်။ လမ်းတစ်လမ်းမှာ ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေမှာ၊ ဖြစ်နိုင်ခြေရှိတဲ့ အရေအတွက်၊ ဖြစ်နိုင်ခြေရှိတဲ့ ဆိုင်အမျိုးအစားကို တိတိကျကျ သတ်မှတ်ခွင့်ပြုပေးတာ၊ ကျန်တဲ့ဆိုင်တွေအတွက် တရုတ်တန်းလို သီးသန့်လမ်းတွေ သတ်မှတ်ပေးပြီး ဈေးရောင်း ခိုင်းတာ၊ တချို့ကို နီးစပ်ရာဈေးတွေမှာ နေရာချထားပေးတာ စသဖြင့် စနစ်တကျ လုပ်ပေးဖို့လိုပါတယ်။
ခွင့်ပြုထားတဲ့ လမ်းဘေးဆိုင်တွေကိုလည်း လျှပ်စစ်၊ ရေစသဖြင့် အသုံးပြုခွင့်ပေးပြီး သန့်ရှင်းကျန်းမာရေးနဲ့ ပြည့်စုံတဲ့ တည်ခင်းရောင်းချမှုတွေ ဖြစ်လာအောင် အကူအညီပေးရပါမယ်။ ကန့်သတ်သင့်တဲ့ ဆိုင်အမျိုးအစားတွေကိုတော့ ကန့်သတ်ရပါလိမ့်မယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က တကယ့်ကို အားလုံးအတွက် ကောင်းမွန်တဲ့အစီအစဉ် စနစ်တကျ ရှိပြီ ဆိုရင် ထိထိရောက်ရောက် တိတိကျကျ နေရာချ ကိုင်တွယ်ရပါလိမ့်မယ်။ ဒီကိစ္စ လာဘ်ပေးလာဘ်ယူ လုပ်တာမျိုး ပါလာရင်တော့ အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘဲ ပျက်ပါလိမ့်မယ်။ တကယ်တော့ စစ်ဗိုလ်ဟောင်းတွေ ခေါင်းဆောင်တဲ့ အာဏာရပါတီ တိုင်းပြည်ကို အုပ်ချုပ်သင့် မသင့် ရန်ကုန်စည်ပင်နဲ့ လမ်းဘေးမှာ ဖြစ်ပျက်နေတာတွေကို ကြည့်ရင် သိနိုင်ပါတယ်။ အလွန်အရည်အချင်း မရှိ၊ အလွန် အဆင့်အတန်းမရှိတဲ့ စီမံအုပ်ချုပ်ပုံကို မြင်ကြရမယ်ဖြစ်ပါတယ်။ ဒါကို ခြေဖျက်ချင်တယ်ဆိုရင် လမ်းဘေးဈေးသည်ကိစ္စ စနစ်တကျ ဖြေရှင်းပြပါ၊ ဒီလိုမှ မဟုတ်ဘဲ အရင့်အရင်တုန်းကလိုပဲ ဖမ်းလိုက်၊ ဆီးလိုက်၊ လုယက်လိုက် လုပ်ရုံသက်သက် ပြည်သူတွေကို ဒုက္ခမပေးကြပါနဲ့တော့။
============
စည်သူအောင်မြင့်
Mizzima - News in Burmese

0 မှတ်ချက်ပေးရန်:
Post a Comment