Monday, July 14, 2014

ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်ဒုက္ခသည် တစ်သိန်းကျော်မှာ သုံးနှစ်ကျော်ကြာမြင့်ပြီဖြစ်သော်လည်း ဒုက္ခသည်စခန်းမှ နေရပ်မပြန်နိုင်သေး




===================
ကချင်ပြည်နယ်အတွင်း စစ်ရှောင်ဒုက္ခသည် တစ်သိန်းကျော် သုံးနှစ်ကျော်ကြာမြင့်ပြီဖြစ်သော်လည်း နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှ၍ တပ်မတော်နှင့် ကေအိုင်အေလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပေါ်ခဲ့မှုကြောင့် မြစ်ကြီးနား-ဗန်းမော်လမ်းကြောင်းပေါ်ရှိ ရွာပေါင်းသုံးရာမှ ဒေသခံပြည်သူများမှာ တိုက်ပွဲများနှင့်ကင်းလွတ်ရာ မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုးမောက်၊ ဗန်းမော်၊ မံစီ စသည့်အစိုးရထိန်းချုပ်နယ်မြေများသို့ ခိုဝင်ခဲ့သူ သုံးသောင်းကျော်ရှိခဲ့ပြီး ကေအိုင်အိုဗဟိုရုံးစိုက်ရာ လိုင်ဇာမြို့နှင့်အနီးဝန်းကျင်ကျေးရွာများ၊ နန့်လင်းပါ စသည့်ကေအိုင်အိုထိန်းချုပ်နယ်မြေများနှင့် တရုတ်နိုင်ငံအတွင်းသို့ ခိုဝင်သူများအပါအ၀င် ရှစ်သောင်းခန့်ရှိခဲ့ကြောင်း သိရသည်။
အစိုးထိန်းချုပ်မှုနယ်မြေအတွင်း ဒုက္ခသည်စခန်းပေါင်း ၃၉ ခုအတွင်းရှိ လူဦးရေသုံးသောင်းကျော်မှာ စစ်ပြေးပြီးနောက် မကြာမီ ပြည်တွင်းနှင့် ပြည်ပအကူအညီများရရှိခဲ့သော်လည်း ကေအိုင်အိုထိန်းချုပ်နယ်မြေတွင် စခန်း ၆၆ ခုတွင် ခိုလှုံနေသူများမှာ စစ်ရှောင်ပြီး နှစ်နှစ်ကျော်ကြာပြီးနောက် ၂၀၁၃ ခုနှစ် နှောင်းပိုင်းမှသာ UNHCR ၊ WFP စသည့် နိုင်ငံတကာအဖွဲ့အစည်းများ၏အကူအညီကို ပြည်ထောင်စုအစိုးရခွင့်ပြုချက်အရ ကူညီနိုင်ခဲ့သည်။
တပ်မတော်နှင့် ကေအိုင်အေတို့၏ တိုက်ပွဲများကြောင့် စာသင်ကျောင်း ၃၃ ကျောင်းပိတ်ခဲ့ရပြီး အစိုးရထိန်းချုပ်နယ်မြေအတွင်းရှိ ရွှေ့ပြောင်းဒုက္ခသည်အများစုနေရာများတွင် စာသင်ရန်နေရာများ၊ စာသင်ခုံများ၊ သင်ထောက်ကူပစ္စည်းများ စသည့်ပညာရေးနှင့်ဆိုင်သည့် လိုအပ်ချက်များလည်း သုံးနှစ်ကျော်လာသည့်တိုင်အောင် ရှိနေဆဲဖြစ်သည်။ ရွှေ့ပြောင်းဒုက္ခသည်များမှာ မိမိတို့၏ဇာတိရပ်ရွာသို့ ပြန်လိုသော်လည်း တပ်မတော်နှင့် ကေအိုင်အေလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေမှု၊ လက်နက်ကိုင်နှစ်ဖက်စလုံး အပစ်အခတ်ရပ်စဲရေးအတွက် တာဝန်မယူနိုင်မှုတို့ကြောင့် နေရပ်ပြန်ရန်မှာ ဝေး၀ါးနေဆဲဖြစ်ကြောင်း စခန်းများတွင်ခိုလှုံနေသူများကဆိုသည်။ စခန်းတွင် ခိုလှုံနေသူများအား UN၊ WFP၊ UN HCR စသည့် နိုင်ငံတကာအဖွဲ့အစည်းများက ဆန်၊ ဆီ၊ ပဲ စသည်တို့ကို တာဝန်ယူထားသော်လည်း နေ့စဉ်ဟင်းဖိုး၊ သားသမီးများအတွက် ကျောင်းသုံးစရိတ်၊ အခြားလိုအပ်ချက်များအတွက်မှာ အပြင်ထွက်၍ နေ့စားနှင့် ပွင့်လင်းရာသီတွင် ရွှေမှော်၊ ကျောက်စိမ်းမှော်များသို့သွားကာ ၀င်ငွေရှာသူများလည်းရှိကြောင်း သိရသည်။
ဝိုင်းမော်မိုင်းနား RC စခန်းမှ တာဝန်ခံဦးအူရားနော်က "စားစရာ၊ နေစရာရှိပေမယ့် ကျောင်းသားစာအုပ်ဖိုး၊ အသုံးဖိုး၊ ဟင်းဖိုးနှင့် တခြားလိုအပ်ချက်တွေအတွက် အပြင်ထွက်ပြီး အလုပ်လုပ်နေကြရတယ်။ ပေါင်းခုတ်လိုက်ကြတာများတယ်။ လယ်ယာလုပ်ငန်း အငှားသွားတဲ့လူတွေလည်းရှိတယ်။ လူနေထူထပ်တော့ မိုးရောက်ရင် ၀မ်းလျှောနဲ့ အပြင်းဖျားနာတွေလည်းရှိတယ်" ဟုဆိုသည်။
စခန်းအတွင်းရှိဒုက္ခသည်အများစုမှာ ဒုက္ခသည်စခန်းတွင်း အနေကြာလာသည်နှင့်အမျှ နေရပ်ပြန်ပြီး ပြန်လည်ထူထောင်ရေးမှာ ခက်ခဲမှုပိုမိုဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။ ဂါးလယန်ကျေးရွာစခန်းတွင် သုံးနှစ်ကျော်ခိုလှုံနေသူ ဒေါ်ဖော်လားယုံက "မပြန်ချင်တဲ့လူ မရှိလောက်ပါဘူး။ ဒီမှာ လွတ်လပ်မှုလည်းမရှိ။ နေရတာလည်း ကျပ်ကျပ်တည်းတည်း။ ထောင်ကျသလိုပဲ။ ရွာမှာကိုယ့်အိမ်ကိုယ့်အခင်းနဲ့။ နွား ၃၇ ကောင်ကျန်ခဲ့တာ တစ်ဝက်လောက်ပဲကျန်တော့တယ်။ သူများသတ်စားကုန်ပြီ။ အပင်အချို့လည်း ပေါင်းပင်အုပ်ပြီး သေကုန်ပြီ။ အခုမီးဆိုက်နေကြတာ လိမ္မော်ပင်ထင်းတွေပဲ။ လယ်လည်း အသစ်ပြန်လုပ်ရမယ်။ အမြန်မပြန်နိုင်လေ ဒုက္ခတွေလေပဲ" ဟုဆိုသည်။
အချို့ကျေးရွာများတွင် အိမ်ကောင်း၊ အိမ်သစ်များကျန်ခဲ့သော်လည်း အိမ်ဖောက်ထွင်းခိုးယူမှုများကြောင့် အိမ်တွင်းပစ္စည်း အကုန်နီးပါး ပျောက်ဆုံးနေကြောင်း ယင်းတို့၏နေအိမ်များကို သွားရောက်ကြည့်ရှုခဲ့သူများက ဆိုသည်။
ဝိုင်းမော်သာဂရ ဒုက္ခသည်စခန်း ကန်တော်ယန်ကျေးရွာမှ အသက် ၇၀ ကျော် ဒေါ်နန်းအီဆွမ်က "မနှစ်တုန်းက အိမ်သွားကြည့်တော့ အိမ်ထဲပစ္စည်းတွေဘာမှမဖြစ်ဘူး။ ဒီနှစ်သွားကြည့်တော့ ခုတင်တွေ၊ သုံးထပ်သားအကာတွေ၊ စပါးကျီကခင်းပျဉ်တွေ ယူသွားကုန်ပြီ။ ကျွန်မတစ်အိမ်တည်းမဟုတ်ဘူး။ သွားကြည့်တဲ့အိမ်တိုင်းပဲ အဲလိုဖြစ်တယ်။ ဘာမှမတတ်နိုင်ဘူး ငိုပြန်ခဲ့ရတယ်" ဟုဆိုသည်။
အခုအချိန်တွင် WFP စသည့်အဖွဲ့အစည်းများက စားနပ်ရိက္ခာထောက်ပံ့မှုကို လျှော့ချရန် သတင်းများထွက်ပေါ်နေပြီး စခန်းတာဝန်ခံများမှာ စိုးရိမ်မှုများရှိနေကြောင်း သိရသည်။ မိုင်းနား KBC စခန်းမှ တာဝန်ခံကိုနော်လာက "အခုသုံးလလောက်ရှိပြီ။ ဟင်းဖိုးခြောက်ထောင်နဲ့ ထင်းဖိုးတစ်ထောင်က မပေးတော့ဘူး။ စားနပ်ရိက္ခာလည်း လျှော့ချမယ်လို့ တရားဝင်ပြောလာတာ နှစ်ကြိမ်ရှိပြီ။ အနီးဝန်းကျင်ရွာမှာ လူတွေထောင်ချီပြီး နှစ်နဲ့ချီနေလာတော့ ဒေသခံရွာသားတွေနဲ့ လူမှုပဋိပက္ခဖြစ်လာတာလည်းရှိတယ်" ဟုဆိုသည်။
ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာတစ်ခုတည်းတွင် ဒုက္ခသည်စခန်းလေးခုနှင့် လူဦးရေလေးထောင်ကျော်ရှိနေပြီး အနီးဝန်းကျင်ရှိ ကျေးရွာပိုင်ကုန်းခင်းများတွင် ထင်းခုတ်ယူခြင်း၊ နှစ်ရှည်ဝါးပင်များခုတ်ယူခြင်း၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ပျောက်ဆုံးမှုများဖြစ်ပေါ်နေကြောင်း ဒေသခံရွာသားများကဆိုသည်။ မိုင်းနားကျေးရွာမှ ဦးစိုင်းအောင်ထွေးက "ဒုက္ခသည်ဆိုတော့ ကိုယ်ချင်းစာပါတယ်။ လူတွေကအများကြီးဆိုတော့ ဘယ်စခန်းက ဘယ်သူမှန်းမသိဘူး။ ယူသွားကြတယ်။ အပင်တွေလည်း ဆေးပင်မှန်းမသိ။ စိုက်ပျိုးပင်မှန်းမသိ ထင်းခုတ်သွားကြတာ။ ဘာမှမတတ်နိုင်ဘူးလေ။ ဒုက္ခရောက်နေကြတာဆိုတော့ ။ အမြန်ဆုံးကိုယ့်ရပ်ကိုယ့်ရွာပြန်နိုင်မှ အဆင်ပြေမှာပေါ့" ဟုဆိုသည်။
ကချင်ပြည်နယ်အတွင်း အစိုးရထိန်းချုပ်နယ်မြေအတွင်း ဒုက္ခသည်များမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာတွင် ၀န်းသိုဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည် စံကင်းကျေးရွာမှ ရှမ်းဒုက္ခသည် ၁၀၅ ဦး (အိမ်ထောင်စု ၁၅ စု)၊ ၂၀၁၄ ခုနှစ် မတ်လတွင် ဆွမ်ပရာဘွမ်မြို့ပေါ်ရှိ အိမ်ထောင်စုခုနစ်စု၊ လူဦးရေ ၃၇ ဦးသာ နေရပ်ပြန်သွားခဲ့သည်။ ကချင်ပြည်နယ်အစိုးရမှ ဒုက္ခသည်များအတွက် မြစ်ကြီးနားမြို့ အင်ခိုင်ဘွမ်တောင်ခြေတွင် အိမ်ခြေ ၂၈၅ အိမ်ဆောက်လုပ်ထားသော်လည်း ဒုက္ခသည်စခန်းမှ ၁၀၅ အိမ်ထောင်စုသာ လာရောက်နေထိုင်ခဲ့သည်။ ကချင်ပြည်နယ်အတွင်း ရွှေ့ပြောင်းဒုက္ခသည်များကို အစိုးရနှင့် ကေအိုင်အေတို့ ညှိနှိုင်း၍ ရွာပေါင်းလေးရွာကို ကနဦးနေရာပြန်ချပေးရန် ၂၀၁၃ ခုနှစ် အောက်တိုဘာဆွေးနွေးပွဲ၌ သဘောတူခဲ့ကြသော်လည်း နေရပ်ပြန်နေရာချထားရန် အကောင်အထည်မဖော်နိုင်သည့်အပြင် ၂၀၁၄ ခုနှစ် ဧပြီလတွင် မံစီမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ခဲ့မှုကြောင့် ဒုက္ခသည်စခန်းတစ်ခု ရွှေ့ပြောင်းခဲ့ရပြီး ရွှေ့ပြောင်းဒုက္ခသည် ၂၀၀၀ ကျော်လည်း ထပ်တိုးလာခဲ့သည်။
============
Eleven Media Group

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons