Wednesday, July 16, 2014

လကုန်ရက်မှာ ရတက်ပွေ


အပေါင်ဆိုင်က တစ်ရက်စွန်းလည်း တစ်လအတိုးပေးရတာ ဒီနေ့လခထုတ်မရဘဲ တစ်ရက် ကျော်သွားပြီတက်သွားတဲ့အတိုး ကို ဘယ်သူပေးမှာလဲ’’

‘‘အခုငှားနေတဲ့အိမ်က စာ ချုပ်ပြည့်သွားလို့ လကုန်တဲ့နေ့ နောက်ခြောက်လစာပိုက်ဆံပေး ပြီး စာချုပ်ထပ်ချုပ်ရတော့မှာ။ဒီနေ့ပိုက်ဆံပါမသွားရင် တခြား အိမ်ငှားကို တင်တော့မှာ ဒီနေ့ လစာကထုတ်မရ။ ဘယ်လိုလုပ်ရ မှန်းကိုမသိတော့ဘူး’’
အဲဒါ လခထုတ်တဲ့နေ့က ကျွန်မရုံးက ဝန်ထမ်းလေးတွေ လစာထုတ်မရလို့ ပူညံပူညံဖြစ်နေ ကြတာ။ ကျွန်မလည်း ကိုယ်ဝင် လုပ်ပေးလို့မရတဲ့ကိစ္စ။ ဘယ်လို ဖြေရှင်းပေးရမှန်းလည်းမသိ။ ကျွန်မကိုယ်တိုင်ကိုက လစာထုတ်မရသေး။
မြန်မာပြည်မှာ ဝန်ထမ်းမရှိ တဲ့ အိမ်ဆိုတာ ခပ်ရှားရှားပါ။ လခစား ဝန်ထမ်းအများစုဆိုတာ တစ်လလုပ်မှ တစ်လစား။ လကုန် ရက်ကလေး တစ်ရက်တည်း ပိုက် ဆံများများကိုင်ဖူးတာ။ ကိုယ့်မိဘ တွေကို မုန့်ပဲသရေစာလေး ဦးဦး ဖျားဖျားကျွေးချင်တာလည်း အဲဒီ လစာထဲက။ ကိုယ့်သားသမီးတွေ အတွက် အဝတ်အစားလေး၊ ကစားစရာလေးဝယ်ပေးချင်တာလဲအဲဒီလခထုတ်ရက်။ တစ်လလုံးချွေတာခဲ့ရသမျှ ဖြစ်ချင်ရာဖြစ် ဒီတစ်ရက်တော့ ‘ဘဲကင်’ ဝယ်စားပစ်လိုက်မယ်ဆိုတာလည်း အဲဒီလခအားကိုးနဲ့။
ကိုယ့်လစာနည်းနည်း များ များ လစာထုတ်ရက်မှာ ကိုယ့် လစာကိုယ်လိုချင်တာ ဝန်ထမ်း သဘာဝ။ လစာကို ဂရုစိုက်စရာ မလိုအောင် လာဘ်ပေးလာဘ်ယူ ကိစ္စတွေ၊ အကြံအဖန်တွေနဲ့ ခွင် တည့်နေတဲ့ဝန်ထမ်းတွေအတွက် လခငွေက ကိစ္စမရှိပေမယ့် ကိုယ့် အရည်အချင်းနဲ့ကိုယ် ရပ်တည် နေရတဲ့ လစာမှတစ်ပါး ဘာမှ ဝင် ငွေမရှိတဲ့ ဝန်ထမ်းအတွက်တော့ လစာထုတ်တဲ့နေ့ဟာ ပျော်စရာ အကောင်းဆုံးနေ့ပဲ။
ကျွန်မတို့နိုင်ငံမှာ လစာပေး တဲ့နည်းတွေနဲ့ ပေးတဲ့ရက်တွေ ကွာခြားချက်သိပ်မရှိပါဘူး။ အစိုး ရဝန်ထမ်းတွေအပါအဝင် တချို့ ကုမ္ပဏီတွေက ပြက္ခဒိန်လကုန် ရက်မှာပေးတယ်။ စက်ရုံ၊ အလုပ် ရုံတွေနဲ့ ပုဂ္ဂလိကလုပ်ငန်းတချို့ က လဆန်း ၅ ရက်မကျော်ခင် ပေးတယ်။ လစဉ် ဘယ်နေ့ပေး မယ်ဆိုတာက ပြဿနာမရှိပေ မယ့် ပေးရမယ့်နေ့မှာ မပေးရင် တော့ ပြဿနာပေါ်တတ်ပါတယ်။ လခစားဝန်ထမ်းဆိုတာ လစာ အပေါ်မှာ သိပ်အာရုံစိုက်တယ်။ ပြောပြီးပါပကော လခထုတ်တဲ့ နေ့လေးတစ်နေ့ပဲ ပိုက်ဆံများများ ကိုင်ဖူးတာပါဆို။
သူများတိုင်းပြည်တွေမှာ တော့ လစာငွေကိုဝန်ထမ်းရဲ့ ဘဏ်အကောင့်ထဲထည့်ပေးတာ တို့၊ Debit ဈေးဝယ်ကတ်ထဲထည့် ပေးတာတို့ နည်းပညာတွေ တိုး တက်လာတာနဲ့အမျှ လူတွေ တတ်နိုင်သမျှ မပင်ပန်းအောင် တီထွင်ကြံဆထားကြမှာပေါ့။ ကျွန်မတို့နိုင်ငံကတော့ ရှင်းပါတယ်။ စာအိတ်အညိုလေးနဲ့ အလုပ်သမားလက်ထဲ တိုက်ရိုက်ထည့်ပေးလိုက်တာပဲ။ အစိုးရရုံးတွေများ စာအိတ်တောင်မပါဘူး။ ဒီအတိုင်းကိုယ့် နာမည်ပါတဲ့အကွက်မှာကပ်ထားတဲ့ တံဆိပ်ခေါင်းအပေါ် လက်မှတ်ထိုး။ ပြီးရင် ပိုက်ဆံပြည့်မပြည့်ရေတွက်ယူ။ ရှင်းသလား မမေးနဲ့။
ဝန်ထမ်းတွေလစာပေးတဲ့ ကိစ္စကို ဘဏ်တွေဝင်ပါလို့ရတယ် ဆိုတာ ကျွန်မတို့သိကိုမသိခဲ့ပါ ဘူး။ ဘဏ်ဆိုတာ စာမေးပွဲဖြေ ရင်ငွေသွင်းဖို့၊ ပတ်စ်ပို့လုပ်ရင် ငွေသွင်းဖို့၊ ငွေပိုနေရင်စုထားဖို့ ဒါကျွန်မဘဏ်နဲ့ပတ်သက်လို့ သိသမျှ ဗဟုသုတအကုန်။ အဲဒီတော့ တစ်လနဲ့တစ်လ အလျင်မီဖို့ မနည်းကြိုးစားနေရတဲ့ လခစား ဝန်ထမ်းဘဝ ဘယ်မှာငွေပိုငွေလျှံစုနိုင်ပါ့မလဲ။ ဘဏ်လုပ်ငန်းတွေ နားလည်ဖို့ဝေးလို့ ဘဏ်ရှေ့ဖြတ် လျှောက်တာတောင် လှည့်မကြည့် ဖြစ်ဘူး။ ကိုယ်နဲ့မပတ်သက်တဲ့ နေရာလေ။
ဘဏ်အကြောင်း စကားစပ် မိတော့ ရယ်ပြီးမှမောသွားရတဲ့ ကာတွန်းလေးတစ်ကွက်ဖတ်ဖူး တယ်။ ခမ်းနားထည်ဝါလှတဲ့ ဘဏ်အဆောက်အအုံကြီးတစ်ခု ရှေ့မှာ ဆင်းရဲသား သားအဖရပ် ပြီး စကားပြောနေကြတယ်။ သား ဖြစ်သူက ဘဏ်ကိုမော့ကြည့်ပြီး မေးတယ် ‘‘ဘဏ်ဆိုတာ ဘာလဲ အဖေ’’တဲ့။ ဖအေလုပ်သူက ပြန်ဖြေတယ် ‘‘အဖေလည်း မသိဘူးကွ။ အဲဒီအထဲကို အဖေတစ်ခါမှ မရောက်ဖူးဘူး’’တဲ့။ ရှင်းလိုက်တဲ့ ကာတွန်း။ လိုရင်းကို ကွက်တိ။ ၇၀ ရာခိုင်နှုန်းသော မြန်မာပြည်မှဆင်းရဲသားများ ဘဏ်နဲ့မပတ်သက်။
အရပ်သားလို့ပြောနေတဲ့ အခုအစိုးရလက်ထက်တော်ကြီး မှာ ပုဂ္ဂလိကဘဏ်ကြီးတွေ ပေါ များလိုက်တာ မနည်းမနော။ အ ဆောက်အအုံကြီးတွေကလည်း ထည်ဝါလိုက်တာ ဖိတ်ဖိတ် တောက်။ ရန်ကုန်မြို့ကြီးရဲ့ အချက်အချာနေရာကောင်းမှန် သမျှ နာမည်မျိုးစုံနဲ့ ဘဏ်ကြီးတွေ။ မြန်မာပြည်ရဲ့ ထိတ်ထိတ်ကြဲ သူဌေးကြီးတွေနဲ့ အစိုးရမင်းများ အတူယှဉ်တွဲဘဏ်ဖွင့်ပွဲ ဆင်နွှဲ။ အစိုးရဘဏ်တွေကတော့ ထုံးစံအတိုင်း မှုန်ကုပ်ကုပ်။ သူတို့တွေ ပျော်ပျော်ပါးပါးဘဏ်တွေ တစ်လုံးပြီးတစ်လုံးဖွင့်နေတာကို ပြည်သူအများစုက စိတ်ဝင်တစား လိုက်ကြည့်မနေပါဘူး။ ကိုယ်လုပ်မှ ကိုယ်စားရမှာ။ နတ်ကရာ ကျီးမော့နေလို့ ကိုယ်ထမင်းဝမှာမှ မဟုတ်တာ။ အဲဒီတော့ သူတို့အလုပ်သူတို့လုပ်။ ကိုယ်လည်း ကိုယ့်အလုပ် ကိုယ်လုပ်။
ဒါပေမဲ့ သူတို့နဲ့ မပတ်သက် ချင်လို့ မရအောင် ဖန်တီးကြတယ်။ဝန်ထမ်းတွေရဲ့ သမားရိုးကျ ဘ၀တွေထဲကို သူတို့စိတ်ကြိုက် ခြယ်လှယ်ဖို့ ၀င်လာကြတယ်။ မြန်မာပြည်ရဲ့ထိပ်တန်းပုဂ္ဂလိက ဘဏ်ကြီးတစ်ခုက ကျွန်မတို့ ကုမ္ပဏီလူကြီးတွေကို လာစည်းရုံးတယ်။ အောင်မြင်သွားတော့ ၀န်ထမ်းတွေကို လာရှင်းပြတယ်။ သူတို့ရဲ့ ဈေးဝယ်ကတ်ပြား (Debit Card)ဟာ ဘယ်လောက် လုံခြုံပြီး အသုံးတည့်ကြောင်း။ မြန်မာတစ်ပြည်လုံး အတိုင်းအတာနဲ့ ဘယ်လောက်တောင် သုံးနေကြပြီဆိုတဲ့ အကြောင်းတွေကို သုံးစွဲပုံနည်းစနစ်နဲ့တကွ ရှင်းပြတယ်။ နားထောင်လို့တော့ အတော်အဆင်ပြေသား။Debit ကတ်နဲ့ ထုတ်တဲ့ငွေတွေထဲမှာ အစုတ်တွေ၊ အတုတွေ မပါတော့ဘူးဆိုတာနဲ့တင် ကျွန်မသဘောတူလိုက်တယ်။ အဲဒီလကစလို့ ကျွန်မတို့ရဲ့ လစာငွေတွေကို ATM စက်တွေထဲက ထုတ်ယူရ ပါတော့တယ်။
အဲဒီမှာ စတွေ့တာပဲ။ လစာ ထုတ်တဲ့နေ့မှာ ကျွန်မလခဘယ် လောက်ထွက်သလဲ သိချင်လို့ လက်ကျန်ငွေစစ်လိုက်တယ်။ စလစ်ထွက်မလာဘူး။ စာရွက် ကုန်နေတယ်တဲ့။ အဲဒါပါရမီစိန် ဂေဟာရှေ့ကစက်မှာ ဖြစ်တာ။ ဘေးကစက်ကို ပြောင်းထုတ် တယ်။ စလစ်ထွက်လာတယ်။ ငွေကတော့ ကုန်နေပါသတဲ့။ တပ်ခေါက်ပြီး ပြန်လာရတယ်။ နေ့ခင်းတစ်ခေါက်သွားတယ်။ ထုတ်တဲ့သူတွေများတာနဲ့ ပြန် လာခဲ့ရတယ်။ ရုံးချိန်ဆိုတော့ မစောင့်နိုင်ဘူးလေ။ ညနေရုံးဆင်း တော့ တစ်ခေါက်ထပ်သွားတယ်။ လူတန်းကြီးတန်းစီနေတာ နေ့ခင်း ကထက်နှစ်ဆ။ ရှိပါစေတော့ လူ ရှင်းအောင် စောင့်ရင် မိုးစုပ်စုပ် ချုပ်သွားမှာမို့ လစာလိုချင်စိတ် ကိုမျိုချပြီး အိမ်ပြန်ခဲ့ရတယ်။ အိမ်ကအမေ့ကို ညနေပြန်လာရင် ကြက်ဆီထမင်း ဝယ်လာမယ် စောင့်နေလို့မှာခဲ့တာ။ အမေက ထမင်းမစားဘဲ စောင့်နေရှာတယ်။  ကျွန်မရှင်းပြတာကို နားမလည်တဲ့ မျက်လုံးနဲ့ ကြည့်နေလေရဲ့။
နောက်နေ့မနက် ရုံးတက် တော့ ၀န်ထမ်းတော်တော်များ များကျွန်မလိုကြုံကြတယ်။ ကျွန်မရုံးက ‘‘အုတ်ကျင်း’’ဆိုတော့ လှိုင်၊ သမိုင်းလမ်းဆုံ၊ မရမ်းကုန်း၊ ရှစ်မိုင်ပတ်ချာလည်နီးစပ်သမျှ ATM စက်တွေကို လိုက်ထုတ်ကြရရှာတယ်။ ဒီနေ့လစာလိုချင်တာကိုး။ သမိုင်းလမ်းဆုံ ဘဏ်ကြီးရှေ့က ATM စက်များဆို စာတောင်ကပ်ထားသေး။ ‘‘စက်ပျက်နေပါတယ်’’တဲ့။စိတ်ပျက်စရာ ကောင်းလိုက်တာများ။
ကုမ္ပဏီလူကြီးတွေကတော့ ကမ္ဘာပတ်နေကြသူတွေ ပီပီ ကိုယ့်ဝန်ထမ်းတွေ ခေတ်မီအောင်၊ စမတ်ကျကျ လစာထုတ်နိုင်အောင် စီစဉ်ပေးထားတာ။ သူ့ဝန်ထမ်းတွေ သမ၀ါယမဆိုင်မှာ ဆီတိုးသလို ဒုက္ခများ နေရတာ မြင်သွားရင် ရင်ကျိုးမယ်။ ကျွန်မတို့ရုံးမှာ ဘဏ်က Debit ကတ် ဌာန၀န်ထမ်းတွေ ကတ်အသုံးပြုပုံကို လာရှင်းပြတဲ့နေ့က ပြောသွားတာလေး နားထဲကြားနေတယ်။ ‘‘စက်ထဲမှာ ငွေကုန်တယ်ဆိုတာ တော်တော်လေးဖြစ်တောင့်ဖြစ်ခဲပါ။ တောင်ကြီးမြို့က စူဠာမဏိဘုရားကုန်းတော်ပေါ်က စက်မှာတောင် တစ်ခါထက်ပို မဖြစ်ဘူး။ ဒါတောင် ဘဏ်နဲ့ စက်နည်းနည်းလှမ်းလို့ ငွေဖြည့် တာ နောက်ကျသွားတာ’’ တဲ့ ယုံမှတ်လို့ ပုံအပ်လိုက်တဲ့ ကျွန်မတို့ခံစားရပြီ။ ဒီနေ့မရလည်း နောက်နေ့ရတာပဲမို့လားလို့တော့ တာဝန်မဲ့စကား မပြောလိုက်ပါနဲ့။ တချို့ကိစ္စတွေဟာ မနက်ဖြန်ကို မကူးကောင်းတာ ရှိတတ်တယ်။
ရုံးက၀န်ထမ်းလေးတွေ မေးသလို တစ်ရက်နောက်ကျပြီး ရွေး ခဲ့ရတဲ့ အပေါင်ဆိုင်ကပစ္စည်းအ တွက်ပေးရမယ့် တစ်လအတိုး ဘယ်သူစိုက်ပေးမှာလဲ။ အချိန်မီ အိမ်ငှားစာချုပ် မချုပ်နိုင်လို့ အိမ် ပေါ်က ဆင်းပေးရရင် ပြောင်းရွှေ့ စရိတ်ဘယ်သူပေးမှာလဲ။ သား သမီးအရိပ်ကို လာခိုနေရတဲ့ မိအို၊ ဖအိုတွေကို ကတိဖျက်မိတဲ့ သားသမီးအပေါ် မိဘက အထင်လွဲသွားရင် ဘယ်သူရှင်းပြပေးနိုင်မလဲ။
အဆင့်မြင့်မြင့် ၀န်ဆောင်မှု ပေးပါရစေလို့ ကြွေးကြော်ထား ရင် ဖြစ်အောင်လုပ်ပါ။ တာဝန် ယူလိုက်ရင် တာဝန်ကျေတတ်ကြ ပါစေ။ ကျွန်မတို့ ကုမ္ပဏီက ၀န် ထမ်းတွေကိုပေးရမယ့် လစာအား လုံးကို လမကုန်ခင်ကတည်းက တစ်ပေါင်းတည်း ဘဏ်ကိုသွင်း ပြီးသား။ ၀န်ဆောင်ခလည်း ရှင်း ပြီးသားပါ။ တန်ရာ တန်ကြေး ၀န် ဆောင်ခပေးထားကြတဲ့ ကုမ္ပဏီ အသီးသီးရဲ့ ၀န်ထမ်းတွေ လကုန် ရင်မှာ ဘုရားစာရွတ်ပြီး ငွေထုတ်  နေရတဲ့အဖြစ်အထိ ရတက်ပွေရ တာတော့ မကောင်းပါဘူးလို့ပဲ ပြောချင်ပါတယ်။

 ဂျေလှသင်

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons