Thursday, June 19, 2014

ယာဉ်စီးခပိုကောက်၍ တိုင်ကြားခံရသည့်ကားကို တစ်ရက်သုံးသောင်းဖြတ်မည်


ရန်ကုန်၊ မဇ္ဈိမ။        ။ ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် ယာဉ်လိုင်းများအားလုံး ခရီးစဉ်အလိုက် သတ်မှတ်နှုန်းထားဖြင့် ကောက်ခံခြင်းမပြုလျှင် တိုင်ကြားမှုရှိပါက အရေးယူသွားမည်ဟု ရန်ကုန်တိုင်း (မ.ထ.သ ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ဇွန် ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။
19j3
“တက်တာနဲ့ နှစ်ရာတောင်းတဲ့ကား နံပါတ်သာမှတ်ပြီး ကျွန်တော်တို့ကို ဖုန်းဆက်တိုင်ပါ။ နေ့တိုင်းတိုင်ရင် နေ့တိုင်း အဲ့ဒီကားဆီက တစ်ရက်ကို သုံးသောင်းဖြတ်ပေးမယ်။ ဒါဆိုသူတို့ ပိုမတောင်းရဲတော့ဘူး။ တိုင်တဲ့နံပါတ်ထပ်တဲ့ ကားပိုင်ရှင်တွေကို ခေါ်ပြီး ဆွေးနွေးရမယ်။ နောက်မတောင်းအောင်" ဟု ဦးလှအောင်က ဆိုသည်။
ဒဏ်ရိုက်မည့် ကားများတွင် ပုံသေ ၂ဝဝ တောင်းသည့် အထူးကားများ မပါဘဲ ငါးဆယ်ကျပ်မှ နှစ်ရာကျပ် အတွင်း သတ်မှတ်ခရီးစဉ်အလိုက် မ.ထ.သက သတ်မှတ်ထားသည့် ကားများသာ အကျုံးဝင်မည်ဖြစ်သည်။
ထို့ပြင် မီနီဘတ်များတွင် ခေါင်းခန်းအဖြစ်ထားကာ ငါးရာကျပ်တောင်းခံမှုများ ရှိနေပြီး မ.ထ.သ အနေဖြင့် သီးခြားခေါင်းခန်း သတ်မှတ်ပြေးဆွဲခွင့် မပြုဟုဆိုသည်။
“နေ့တိုင်းစီးနေတာ ကားကို အဲ့ဒီလိုသတ်မှတ် ကောက်ခံတယ်ဆိုတာမသိဘူး။ နှစ်ရာတောင်းလို့ ပေးစီးရတာ။ ကားခကပေးရတာ များတယ်” ဟု ၁ဝ၇ မီနီဘတ်စကား နေ့စဉ်စီးခရီးသွားတစ်ဦးက ပြောသည်။
အသစ်ပြေးဆွဲသည့် မီနီဘတ်စကားများ၏ ယာဉ်စီးခ ပိုမိုတောင်းခံခြင်းများကို အတုယူကာ အခြားသော ယာဉ်လိုင်းများမှလည်း ယာဉ်စီးခ ပိုမိုတောင်းခံနေခြင်းများ ရှိနေသည်။
မ.ထ.သ(ဗဟို)အောက်တွင် ပြေးဆွဲနေသည့် ယာဉ်ပေါင်း ၁၈ဝဝ ကျော်ရှိပြီး တိုင်ကြားမည့် ကားနံပါတ်ကို ဖုန်း ၈၅ဝဝ၆၅၁၊ ၈၅ဝဝ၆၅ဝ လိုင်းခွဲ ၂ဝဝ/၂ဝ၇ သို့ ဆက်သွယ်တိုင်ကြား နိုင်မည်ဖြစ်သည်။
တိုင်ကြားမှုများကို ပွင့်လင်းမြင်သာမှုရှိစေရန် အရေးယူဆောင်ရွက်ချက်များကို တိုင်ကြားသည့် ဖုန်းနံပါတ်သို့ ပြန်လည်ဆက်သွယ်ကာ ပြောကြားပေးမည်ဖြစ်သည်။

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons