မန္တလေးမြို့တွင် ဇူလိုင် ၁ ရက်ညမှ စတင်ခဲ့သော ပဋိပက္ခဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရေးအတွက် ဘာသာပေါင်းစုံမှ အဖွဲ့များနှင့် မီဒီယာများကို သတင်းအမှန် အဆက်မပြတ်ထုတ်ပြန်ပေးကာ တိကျသော သတင်းထွက်ပေါ်စေခြင်းဖြင့် ထိန်းသိမ်းသွားမည်ဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်က ဇူလိုင် ၃ရက် မွန်း လွဲပိုင်းက တိုင်းအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဘာသာပေါင်းစုံ မြို့နေပြည်သူများနှင့် တွေ့ဆုံပွဲ၌ ပြောကြားလိုက်သည်။
ယင်းကဲ့သို့လုပ်ဆောင်ရခြင်းမှာ မိတ္ထီလာပဋိပက္ခဖြစ်ပွားမှု ရပ်တန့်စေရေးအတွက် လူထုသိစေရန် အဖြစ် မှန်ကို ရှင်းလင်းဖော်ထုတ် ပြသနိုင်ခဲ့ခြင်း၊ ဥပဒေအရအရေးယူဆောင်ရွက်ချက်များ မြန်ဆန်စွာလုပ်ဆောင် နိုင်ခဲ့ခြင်းနှင့် ဘာသာရေးနှင့်ပတ်သက်သည့်အဖွဲ့များအားလုံးက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့် လျင် မြန်စွာတည်ငြိမ်အေးချမ်းခဲ့ကြောင်းဆိုသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာလူငယ်များအဖွဲ့ မန္တလေးတိုင်းဥက္ကဋ္ဌ ဦးတင်မောင်လတ်က “ငြိမ်း ချမ်းရေးကို ဘယ်လိုတည်ဆောက်ရမယ်။ အခုလိုဖြစ်တာက ကျွန်တော်တို့အရွယ်တွေရဲ့အပြစ် ဖြစ်တယ် လို့ယူဆတယ်။ အုပ်ချုပ်ရေးအဖွဲ့ကလည်း တိတိကျကျဆောင်ရွက်မယ်ဆိုတာကို ဖော်ပြပေးစေလိုပါတယ်။ နိုင်ငံပိုင် သတင်းစာတွေထဲမှာ စာလုံးမည်းကြီးတွေနဲ့ ဖော်ပြပေးစေချင်ပါတယ်။ ထိထိရောက်ရောက်ဖြစ် စေချင်ပါတယ်” ဟု ပြောသည်။
“ဖြစ်စဉ်တွေ တည်တည်ငြိမ်ငြိမ် ဖြစ်စေဖို့အတွက် မဆိုင်တဲ့ကိစ္စတွေ ၀င်မပါဖို့ကိုယ့်ကိစ္စ ကိုယ်လုပ်ဖို့ပြော ထားပါတယ်” ဟု အထက်မြန်မာပြည် ဟိန္ဒူဘာသာဝင်အဖွဲ့မှ ကော်မတီဝင် ဦးကျော်ဝင်းကပြောသည်။ မန္တလေးမြို့ အကြမ်းဖက်မှုကြောင့် ဇူလိုင် ၂ ရက်တွင် ဗုဒ္ဓဘာသာဝင်တစ်ဦး၊ မူစလင်တစ်ဦး သေဆုံးခဲ့ပြီး၊ ၁၄ ဦး ဒဏ်ရာအသီးသီးရရှိခဲ့ပြီးနောက် မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်ရမည်ကို ဆွေးနွေးမှုများပြုလုပ် ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
မန္တလေးမြို့အကြမ်းဖက်မှုဖြစ်စဉ်များကို တိုင်းအစိုးရအဖွဲ့ လွှင့်တင်ထားသော ၀က်ဘ်ဆိုက်များပေါ်တွင် ဖော်ပြထားကြောင်း၊ တိုင်းအစိုးရအဖွဲ့က လုံခြုံရေးအတွက် လုပ်ဆောင်နေကြောင်းကိုလည်း ၀န်ကြီးချုပ်က ဆက်လက်ပြောသည်။
အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ရခြင်း၏ အကြောင်းရင်းဖြစ်သည့် ဇွန် ၂၈ ရက်က မုဒိမ်းကျင့်ခံရသည်ဟု တိုင်ကြားထားသော မစိုးစိုးကိုလည်း ပျဉ်းမနား ရဲစခန်းတွင်ထားရှိကြောင်း၊ အမှုကိစ္စနှင့် ပတ်သက်၍ စစ် ဆေးမှုများ လုပ်ဆောင်နေကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်ခဲ့စဉ်က မန္တလေးတိုင်း ရဲမင်းကြီး က ဖြေကြားထားသည်။
ဇူလိုင် ၂ ရက် ညနှင့် ဇူလိုင် ၃ရက် နံနက်တွင် မဟာအောင်မြေမြို့နယ် ၃၅ လမ်းတွင် မူစလင်အမျိုးသား အချို့က ၀ိုင်းရိုက်သဖြင့် လူခုနစ်ဦး ဆေးရုံသို့ တင်ပို့ခဲ့ရသည်ဟု တိုင်းရဲတပ်ဖွဲ့မှူး ရုံးသတင်း ထုတ်ပြန်ချက် တွင်ဖော်ပြသည်။
ဇူလိုင် ၂ ရက် နံနက် ၁ နာရီ ၄၅ မိနစ်အချိန်တွင် အမည်မသိ လူ ၅၀ဦးခန့် က ၂၆ လမ်းရှိ အမှတ် ၆ ရဲဝင်း အတွင်းသို့ ခဲများပစ်ပေါက်ခဲ့ခြင်း၊ အမည်မသိ အမျိုးသား ခြောက်ဦး ဆိုင်ကယ်သုံးစီးဖြင့် ၂၆ လမ်းအတွင်း ၀င်ရောက်ကာ အရှေ့ကုန်းရိုးဗလီဝင်းအတွင်းရှိ မီးထွန်းထားသော မီးချောင်းနှစ်ချောင်းကို လေသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းများရှိခဲ့သည်ဟုလည်း တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းနေ့ည ၁၂နာရီခန့်က ၂၆ လမ်း ရှိ အမှတ်(၆) ရဲစခန်းကို ခဲများဖြင့် ပစ်ပေါက်ခဲ့ခြင်း၊ ဇူလိုင် ၃ရက် နံနက်ပိုင်းက လမ်း ၉၀ရှိ ရတနာပုံ ဗလီဘေးရှိ ကုန်စုံဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းများ ရှိခဲ့သည်ဟု လည်း ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဇူလိုင် ၃ ရက် နံနက် ၄ နာရီအချိန်က ဦးစိုးမင်းထွေး (၄၈)နှစ်မှာ ဗလီတက်ရန်သွားစဉ် အမည်မသိလူများ ၀ိုင်းဝန်းရိုက်နှက်မှုဖြင့် ၂၉ လမ်း ၈၃လမ်းထောင့်တွင် သေဆုံးခဲ့ကြောင်း၊ ၄ နာရီ ၄၅ မိနစ်တွင် ဦးမြင့်လွင် မှာ လက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည်သောက်နေစဉ် အမည်မသိ လူသုံးဦးက ဓားဖြင့်ခုတ်၊ တုတ်ဖြင့် ရိုက်သဖြင့် လည်ကုပ်ပြတ်ရှပြီး စိုးရိမ်ရအခြေအနေ ဖြစ်ပွားခဲ့ခြင်းနှင့် ၈၃ လမ်းနှင့် ၃၃-၃၄ လမ်းကြား ဆိုင်ကယ်စီးလာသူ နှစ်ဦးအား လူတစ်စုက ဓားဖြင့်ခုတ်သဖြင့် တစ်ဦးသေဆုံးခဲ့ခြင်း စသည်တို့ဖြစ်ပွားခဲ့ပြီး သေဆုံးသူ နှစ်ဦး၊ ဒဏ်ရာရသူ ၁၄ ဦးရှိခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
0 မှတ်ချက်ပေးရန်:
Post a Comment