Wednesday, July 2, 2014

● နိုင်ငံတော်သမ္မတကြီး ဘုရားပေါ် ဖိနပ်စီးသည်ဟု ဖြန့်ချိနေခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းချက် ●

ဇွန် ၃၀ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟေနန် ပြည်နယ် လော့ယန်မြို့ မြင်းဖြူကျောင်းတော်မှာရှိတဲ့ မဟာစိနပဘာ ရွှေတိဂုံပုံတူ စေတီတော် ရွှေထီးတော်တင် မဟာမင်္ဂလာအခမ်းအနားနဲ့ သာသနိက အဆောက်အအုံများ ဖွင့်ပွဲ အခမ်းအနားများကို ကျင်းပခဲ့ရာမှာ နိုင်ငံတော်သမ္မတကြီးနဲ့ မြန်မာနိုင်ငံအစိုးရ ကိုယ်စားလှယ်တွေ တက်ရောက်ကြည်ညိုခဲ့ကြပါတယ်။

● မဟာစိနပဘာ ရွှေတိဂုံ ပုံတူစေတီတော်ကို ၂၀၁၂ခုနစ် ဧပြီ (၁၀)ရက်မှာ မြင်းဖြူကျောင်းတော် ပရဝဏ်အတွင်းမှာရှိတဲ့ မြေ (၁ ဒသမ ၇၃) ဧကပေါ်မှာ စတင် တည်ထားခဲ့တာ ဖြစ်ပါတယ်။ စေတီတော်ရဲ့ ဉာဏ်တော်အမြင့်မှာ (၁၀၈) ပေရှိပြီး တည်ဆောက်ရေး လုပ်ငန်းများကို နှစ်နိုင်ငံ ကျွမ်းကျင်ပညာရှင်တွေက စုပေါင်းတည်ထားခဲ့ကြတာ ဖြစ်ပါတယ်။ စေတနာ ထက်သန်တဲ့ နှစ်နိုင်ငံအလှူရှင်များရဲ့ ထည့်ဝင် လှူဒါန်းငွေတွေနဲ့ တည်ထားတော်မူခဲ့တာ ဖြစ်ပါတယ်။

● မဟာစိနပဘာ ရွှေတိဂုံပုံတူစေတီတော် ပရိဝုဏ်ပတ်လည် အုတ်တံတိုင်းကို နန်းမြို့ရိုး ပုံဖော်ထားတဲ့ မုခ်ဦးလေးခု၊ နဂါးရုံဘုရား၊ ကျိုက်ထီးရိုးစေတီပုံတူတွေ တည်ထားပြီး မြန်မာ့မှုလက်ရာ သာသနိက အဆောက်အအုံများကိုလည်း တည်ဆောက်ထားပါတယ်။

●ပြောရရင်တော့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအတွက် အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်ကြီးရဲ့ ပုံတူစေတီတော်ထီးတင်ပွဲကို ပြည်ပမှာ ကျင်းပပြုလုပ်ခဲ့ရာမှာ နိုင်ငံတော် အဆင့်အကြီးအကဲ အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ပြီး ပူဇော်ခဲ့တာ ပထမဦးဆုံး ဖြစ်ပါတယ်။

● နိုင်ငံတော်သမ္မတကြီးနဲ့ အဖွဲ့ဝင်တွေ စေတီတော် အထွတ်မှာ တင်လှူ ပူဇော်မယ့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နဲ့ ဌာပနာတော်တို့ကို ပင့်ဆောင်ပြီး စေတီတော်ကို လက်ယာရစ် လှည့်လည် ပူဇော်ခဲ့ကြတဲ့ ဓါတ်ပုံကို ယခုပို့စ်မှာ ဖော်ပြထားပါတယ်။ ဒီဓါတ်ပုံက စေတီတော်ပေါ်မှာ လှည့်လည်စဉ် ရိုက်ကူးထားတဲ့ ပုံပါ။ ယခု အချို့ ဝေဖန်တိုက်ခိုက်နေတဲ့ ပုံက အများသူငါ ဖိနပ်စီးပြီး သွားလာကြတဲ့ မြေနေရာပါ။ မတူပါပါဘူး။

● ပူးတွဲဖော်ပြထားတဲ့ စေတီတော်နေရာ ဖော်ပြထားတဲ့ ပုံမှာ ဘုရားပေါ်တက်တဲ့ အုတ် လှေကား (၄) ခု ရှိပါတယ်။ သမ္မတကြီးဟာ ဖိနပ်ချွတ် လှေကားမှာ ဖိနပ်ချွတ်ပြီးမှ စေတီတော်ပေါ် တက်ရောက်ခဲ့တာ ဖြစ်ပြီးတော့ ပြန်ဆင်းလာတဲ့အခါ လှေကားရင်း ဖိနပ်ချွတ်မှာ ပြန်ပြီး စီးခဲ့တာ ဖြစ်ပါတယ်။ လှေကားရင်းကနေ မင်္ဂလာ ရထားပျံရှိရာနေရာအထိ ဖိနပ်စီးပြီး လမ်းလျှောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေရာက အများပြည်သူ ဖိနပ်စီးပြီး သွားလာတဲ့ နေရာပါ။ သမ္မတကြီးနဲ့ အခမ်းအနားအတွက် ကော်ဇောနီခင်းထားတာကတော့ ထုံးစံအတိုင်း ဖြစ်ပါတယ်။

● သို့သော်လည်းပဲ ဒီကိစ္စမှာ သတင်းစာပါ ဓါတ်ပုံကို ကြည့်ပြီး နိုင်ငံရေးရည်ရွယ်ချက် ရှိရှိ ဝေဖန် ကြတာကိုလည်း စိတ်မကောင်းစရာ တွေ့မြင်ရပါတယ်။ ဒီအခမ်းအနား ကျင်းပပုံ ရုပ်သံသတင်းကို ကြည့်လိုက်ရတဲ့သူတွေအနေနဲ့ ဒါကို သတိထားမိပါလိမ့်မယ်။ အခုလည်းပဲ ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဆိုက်နဲ့ MRTV Facebook မှာ လွှင့်တင်ထားတဲ့ ရုပ်သံမှတ်တမ်း ဗီဒီယိုဖိုင်ကို ပြန်ပြီးကြည့်ရင် ရှင်းသွားမှာပါ။

●ဒီစေတီတော်ကြီး တည်ထားကိုးကွယ်ခဲ့တာဟာလည်း နှစ်နိုင်ငံ သာသနာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ်တစ်ခု အဖြစ်သာမက ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်စေတီတော်ကြီးရဲ့ ပုံစံတူကို ပြည်ပမှာ ဖူးမျှော်နိုင်စေဖို့၊ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားစေဖို့ အစရှိတဲ့ ရည်ရွယ်ချက် များစွာနဲ့ တည်ထားခဲ့တာ ဖြစ်ပါတယ်။

●နိုင်ငံတော်သမ္မတကြီးအနေနဲ့ ပြည်တွင်းခရီးစဉ်တွေ သွားရောက်ခဲ့ရာမှာ ဘယ်အရပ်ဘယ်ဒေသပဲ ရောက်ရောက် ဘုရားဝတ်ပြုပြီး ဦးခိုက်လေ့ ရှိပါတယ်။ မိရိုးဖလာထက် သာလွန်တဲ့ ဘာသာတရား အပေါ်မှာ ကြည်ညိုဆည်းကပ်မှု ရှိသူ တစ်ယောက်ပါ။ အကြောင်းရင်း အပြည့်အစုံ မသိကြသူတွေ အနေနဲ့လည်း ဝေဖန်ကြ၊ ပြောဆိုကြနဲ့ တွေ့မြင်ရတာကိုလည်း အပြစ်မမြင်ပါဘူး။ စိတ်မကောင်းပဲ ဖြစ်မိပါတယ်။ ဒါကြောင့်မို့ ဖြစ်စဉ်ဖြစ်ရပ် အတိအကျကို မသိသေးသူများ သိရှိနိုင်စေဖို့ လေးစားစွာဖြင့် တင်ပြလိုက်ရခြင်းပဲ ဖြစ်ပါတယ်။

Hmuu Zaw (Facebook)

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons