Thursday, July 3, 2014

ရပ်တည်ချက် မှန်ကန်သော်လည်း သမ္မတရဲ့အမိန့်ကို မနာခံဘူးဆိုတဲ့သဘောနဲအဖမ်းခံရတာပါ

Eleven Media Group's photo.
ရပ်တည်ချက် မှန်ကန်သော်လည်း သမ္မတရဲ့အမိန့်ကို မနာခံဘူးဆိုတဲ့သဘောနဲ့ အဖမ်းခံရတာပါဟု အလွဲသုံးစားမှုဖြင့် အမှုဖွင့်အရေးယူ ခံထားရသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ပြောကြား
ရပ်တည်ချက် မှန်ကန်သော်လည်း သမ္မတရဲ့အမိန့်ကို မနာခံဘူးဆိုတဲ့သဘောနဲ့ အဖမ်းခံရတာပါဟု ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ပသီရိမြို့နယ်တရားရုံးသို့ ရုံးထုတ်လာစဉ် မီဒီယာများ၏ မေးမြန်းမှုကို သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်က ပြန်လည်ပြောကြားခဲ့သည်။
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရမည်းသင်းထောင်မှ နေပြည်တော်ကောင်စီနယ်မြေရှိ ပုဗ္ပသီရိမြို့နယ်တရားရုံးသို့ ဒုတိယအကြိမ် ရုံးထုတ်လာစဉ် ၀န်ကြီးဟောင်း ဦးဆန်းဆင့်က "ကျွန်တော်သာသနာရေးလုပ်တာ အခုအချုပ်ခံရတဲ့သဘော ဖြစ်သွားတာပေါ့။ ကျွန်တော် သာသနာ့ဝန်ထမ်း ထမ်းဆောင်တဲ့ ပုဂ္ဂိုလ်ဟာ ကောင်းမှုကုသိုလ်လုပ်တဲ့သူ ဖြစ်ပါတယ်။ ကျွန်တော်မဟုတ်တာ မလုပ်ဘူးလို့ ပြောချင်ပါတယ်။ ကျွန်တော်မှာ အပြစ်မရှိပါဘူး” ဟုပြောကြားခဲ့သည်။
ဆက်လက်၍ “မှန်ကန်တဲ့အတွက် ရပ်တည်ရခြင်းဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်သာသနာကိစ္စ ဆောင်ရွက်သော်လည်းပဲ ဒီနေ့ဘာလဲဆိုတော့ ကျွန်တော့်ကို စစ်ပြီးတဲ့ကိစ္စနဲ့ပက်သတ်လို့ စစ်ပြီးသားကိစ္စကို အရေးယူဖို့ ဆောင်ရွက်တာ။ ဒါဟာအလွန်ပဲ မတရားပြုလုပ်မှုလို့ ကျွန်တော်သုံးသပ်ပါတယ်။ လူထုကို ပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရဟန်းသံဃာတော်များ၊ သံဃာ့နာယက ဆရာတော်ကြီးများ၊ ဆရာတော် သံဃာတော်အပေါင်းတို့ဟာ မှန်ကန်ရပ်တည်တဲ့ ကျွန်တော့်အပေါ်မှာ နားလည်သဘောပေါက်ပြီး ရပ်တည်ပေးပါ။ ကျွန်တော့်ကို ကူညီစောင့်ရှောက် ကြပါ။ သမာဒေ၀ နတ်ကောင်း နတ်မြတ်များက စောင့်ရှောက်ပေးပါ။ ကျွန်တော် သစ္စာဆိုရဲပါတယ်။ ငါးပြားတစ်စေ့ကအစ ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်တာ မရှိပါဘူး။ ကျွန်တော်ရပ်တည်ချက် မှန်ကန်သော်လည်းပဲ သမ္မတရဲ့အမိန့်ကို မနာခံဘူးဆိုတဲ့သဘောနဲ့ လုပ်တာပါ” ဟု ပြောကြားခဲ့သည်။
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်ဆင့်၏ ကိုယ်ရေးအရာရှိဖြစ် သူဦးအောင်သူမင်း (ဗိုလ်ကြီးအငြိမ်းစား) ၏ ဇနီးဖြစ်သူ မပွင့်ဇင်မာအောင်က “၀န်ကြီးကိုဖမ်းတဲ့နေ့ကတည်းက ကျွန်မယောင်္ကျားကို ဖမ်းသွားတာပါ။ ဒီနေ့အထိတစ်ရက်မှ မတွေ့ရသေးဘူး။ ဒီနေ့ရုံးထုတ် ရှိတယ်ဆိုလို့ ကျွန်မလာတွေ့တာ။ မတွေ့ရဘူး။ စကားလည်းပြောခွင့်မရှိဘူး။ အိမ်ကကလေး နှစ်ယောက်ဆိုရင် သူတို့အဖေကို တမေးတည်း မေးနေကြတာ။ ကျွန်မ ဘာဖြေလို့ ဖြေရမှန်းတောင်မသိဘူး။ ကျွန်မရဲ့ဖုန်းလည်း သိမ်းသွားပါတယ်” ဟုမီဒီယာများအား ငိုယိုပြောဆိုခဲ့သည်။
အလွဲသုံးစားပြုလုပ်မှုဖြင့် အမှုဖွင့်အရေးယူ ဖမ်းဆီးထားသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏အမှုအား ဇူလိုင်လ ၁၇ ရက်နေ့တွင် တတိယအကြိမ် ပုဗ္ပသီရိမြို့နယ် တရားရုံး၌ ရုံးထုတ်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွန်လ ၁၉ ရက်နေ့တွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို သိန်းတစ်ရာခန့် အလွဲသုံးစားပြုမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက တရားလိုပြုအမှုဖွင့်၍ ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်းတွင် ပ/၂၁/၂၀၁၄ ပြစ်မှုပုဒ်မ ၄၀၉/၁၀၉ ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး ပုမ္ဗသီရိမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons