Friday, July 4, 2014

မန္တလေးတွင် ညမထွက်ရ အမိန့်် ရက်အကန့်အသတ်မရှိ ထုတ်ပြန်


နှစ်ရက်ဆက်တိုက် ပဋိပက္ခဖြစ်ပေါ်ကာ လူနှစ်ဦးသေဆုံးပြီးနောက် မန္တလေးတိုင်းမြို့နယ် ခြောက်ခုတွင် ညမထွက်ရအမိန့်ကို ရက်အကန့်အသတ်မရှိ အမိန့်ကို မန္တလေးခရိုင် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနက ဇွန်လ ၃ ရက်၊ ညနေ ၄နာရီ အစောပိုင်းက ထုတ်ပြန်လိုက်သည်။ မဟာအောင်မြေမြို့နယ်၊ အောင်မြေသာဇံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြ သာစည်မြို့နယ်နှင့် အမရပူရမြို့နယ်တို့တွင် ညနေ ၉ နာရီ မှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ညမထွက်ရအမိန့်ကြောင့် စားသောက်ဆိုင်များ အပါအ၀င် အခြေခံစားသောက်ကုန်များ ဈေးတက်လာမည် ကိုဒေသခံလူထုက စိုးရိမ်လျက်ရှိသည်။ “မန္တလေးမြို့မှာက ညဘက်တွေဆို အစားအသောက်တွေ ပိုရောင်း ရတယ်။ အခုညမထွက်ရအမိန့်ထုတ်လိုက်တော့ ရောင်းအားတွေ ကျသွားမှာပေါ့။ ပလာဇာဆိုင်တွေက“ညရှစ်နာရီခွဲ၊ ကိုးနာရီလောက် ပိတ်တာကြောင့် ဘာအကျိုးသက်ရောက်မှုမှတော့ မရှိနိုင်ပါဘူး။ ညမထွက် ရအမိန့်က ရက်ရှည်နေမယ်ဆိုရင် အခြေခံစားသောက်ကုန်တွေ ဈေးတက်လာနိုင်ပါတယ်”ဟု စားသောက် ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သည့် ကိုထွန်းဦးကပြောသည်။ လမ်း၃၀၊ ၈၀-၈၁ လမ်းကြားရှိ ကုန်စုံဆိုင်ကြီးတစ်ခုမှ ပိုင်ရှင်က “ခုလက်ရှိတော့ ကြီးကြီးကျယ်ကျယ် ဈေး တက်ဖို့ မရှိသေးဘူး။ ရက်ရှည်လာရင်တော့ ဈေးတွေတက် လာနိုင်တယ်။ လုပ်ငန်းရှင်ကြီးတွေက ဈေး ကစားလာနိုင်တယ်။ ဒါတွေကလည်း လုပ် နေကျပဲ။ ဒီတော့ဈေးမြင့်တာတွေ ဖြစ်လာနိုင်တယ်”ဟု ပြော သည်။ ထို့အတူ ၆၉ လမ်း၊ ၃၇-၃၈ လမ်းကြား ရှိ စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးကလည်း ညပိုင်းကို အဓိကအား ထားပြီး ရောင်းချရသောကြောင့် ၎င်း၏ စီးပွားရေးများစွာထိခိုက်ကြောင်း ညမထွက်ရအမိန့်မှာရက်ရှည် မဖြစ်ရန် ဆုတောင်းနေရကြောင်း ပြောသည်။ မန္တလေးမြို့တွင် ဇူလိုင် ၁ ရက်မှ စတင်ကာ ၃ ရက်ထိ လုံခြုံရေးအရ ထိန်းသိမ်းမှုများ ပိုမိုလုပ်ဆောင်စေရန် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ရကြောင်း မန္တလေးခရိုင် အထွေအထွေအုပ်ချုပ်ရေးဦစီးဌာနမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။ လက်ရှိအခြေအနေအထိတပ်၏ အကူအညီကိုယူပြီး ထိန်းသိမ်းမည်မဟုတ်ကြောင်း၊ တိုင်းအစိုးရ ညွှန်ကြား ချက်အတိုင်းသာ ဆောင်ရွက်လျှက်ရှိကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်မင်းဦးက မဇ္ဈိမကို ပြောသည်။ မန္တလေးမြို့ အခြေအနေမှာသတင်းရေးသားနေစဉ်အချိန်အထိ တည်ငြိမ်နေသော်လည်း ၂၆ လမ်းနှင့် ၈၅ လမ်းတို့တွင် ဆူပူမှုရှိနိုင်သည်ဟုယူဆသည့်အတွက် မီးသတ်ကားအပါအ၀င် ရဲကားသုံးစီးဖြင့် လုံခြုံရေး ယူထားလျက်ရှိကြောင်း မဇ္ဈိမ၏ဆက်သွယ် မေးမြန်းမှုကို မြို့ခံတစ်ဦးက ပြန်လည်ဖြေကြားသည်။ မန္တလေးမြို့ ဇူလိုင် ၂ရက်၊ ညနှင့် ဇူလိုင် ၃ရက် နံနက်က မဟာအောင်မြေမြို့နယ်တွင် အကြမ်းဖက် ဆူပူ မှုကြောင့် နှစ်ဦးသေဆုံးခဲ့ပြီး၊ ဒဏ်ရာရ ၁၄ဦးရရှိခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးရှိ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ ပဋိပက္ခသည် အပျော်တမ်းအင်တာနက် စာမျက်နှာတစ်ခုတွင် ဖော်ပြသည့်သတင်းတစ်ပုဒ်ကို အခြေပြုဖြစ် ပေါ်ခဲ့သည်ဟု ယုံကြည်ရပြီး ထိုသတင်းကြောင့် မဖြစ်သင့်သည့်ဖြစ်ရပ်များ ဖြစ်ပေါ်လာခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ကိုညိုထွန်းက ပြောသည်။ “သစ်ထူးလွင်ဝက်ဘ်ဆိုက်မှာ သတင်းတွေ စတက်လာကတည်းက ပြဿနာဖြစ်တော့မယ်မှန်း ခန့်မှန်းမိတယ်။ အဲဒီဆိုက်က ဘယ်သူလုပ်မှန်းလည်းမသိဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှုလည်းမရှိဘူး။ ဒီလိုဖြစ်အောင် လုပ် ကြံတဲ့သဘောမျိုးဖြစ်နေတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ သတိထားနေခဲ့တယ်။ ဒီအထဲကမဖြစ်သင့်ဘဲ ပြဿနာ တွေ ဖြစ်လာခဲ့ရတယ်”ဟု ပြောသည်။ မန္တလေးမြို့တွင် ဖြစ်ပေါ်နေသည့် ဖြစ်ရပ်များနည်းတူ ရခိုင်ပြည်နယ် မြို့နယ်အချို့၊ လားရှိုး၊ ပြည်၊ မိတ္ထီလာ မြို့တို့တွင်လည်း ဖြစ်ပေါ်ခဲ့ပြီး နှစ်နှစ်ကာလအတွင်း လူဆယ်နှင့်ချီသေဆုံးခဲ့ရပြီး ရာပေါင်းများစွာမှာ အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ပြီး ဖြစ်သည်။

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons