(က)
မကြာမီက မြစ်ဝကျွန်းပေါ်ရှိ မြို့နယ်တစ်ခုသို့ ခရီးထွက်ခဲ့ရာ မိတ်ဆွေတစ်ဦး၏အိမ်၌ အလှူခံ ဖြတ်ပိုင်းလေးတစ်ခုကို တွေ့သဖြင့် စိတ်ဝင်တစားကောက်ကိုင် ကြည့်မိလိုက်ပါသည်။ အမဲလိုင် စင်ဆွဲရန် ထိုမြို့ရှိ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့က ပြည်သူများထံ အလှူခံထားသော ဖြတ်ပိုင်းလေး ဖြစ်နေပါသည်။ ငွေအင်အား တောင့်တင်းသော ဒကာ၊ ဒကာမတွေထည့်ဝင်ကြ၍ တစ်လခွဲခန့်နှင့်ပင် သတ်မှတ်လိုင်စင်ကြေးငွေ သိန်း ၃၀၀ကို အလှူခံရရှိခဲ့ကြောင်း မိတ်ဆွေက ပြောပြပါသည်။
မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ လေလံပစ်သော အမဲသား လိုင်စင်ကို ထိုအဖွဲ့က ဆွဲယူလိုက် သဖြင့် မြို့နယ်အတွင်းရှိ ဈေးများ တွင် အမဲသားမရောင်းရ၊ နွားများ ကိုသတ်ဖြတ်ခွင့်မရတော့သလို အများပြည်သူများလည်း အမဲ သားမစားရတော့ဟု ဆိုပါသည်။
မြန်မာလူမျိုးများက တိရစ္ဆာန်များထဲတွင် နွားကိုကျေးဇူးရှင်ဟု သဘောထားတတ်ကြပါသည်။ ဆန်စပါးနှင့် သီးနှံများစိုက်ပျိုးရာတွင် စက်မှုလယ်ယာမထွန်းကားသေးသဖြင့် နွားနှင့်ပင် ထွန်ယက်၊ နွားနှင့်ပင် ခြွေလှေ့၊ နွားလှည်းနှင့်ပင် သယ်ဆောင်ရလေ့ရှိသောကြောင့် နွားနှင့် စိုက်ပျိုး၍ ရသောဆန်ကို အဓိကစားသုံးသူများကနွားကို ကျေးဇူးရှင်ဟု သဘောထားကြသည်မှာ အလွန်ယဉ်ကျေးသော ဓလေ့တစ်ခုဖြစ်ပါသည်။ နွားနှင့်ပတ်သက်သော ဋီကာများရှိသလို၊ နွားကျေးဇူးကို ချီးကျူးသောကဗျာ၊ ဝတ္ထု၊ သီချင်း များမှာလည်း မနည်းလှပါ။
ထို့ကြောင့်လည်း ကျေးဇူး ရှင်၏အသားကို မစားဟုဆိုကာ ရှောင်ကြဉ်ကြရင်းမှ အမဲသား မစားသောဓလေ့က မြန်မာ့လူ့ အဖွဲ့အစည်းတွင် အခိုင်အမာရှိ လာခဲ့ခြင်းဖြစ်ပါသည်။
(ခ)
တစ်ရက်တွင် ထိုမြို့မှ ငါး မိုင်ခန့်ဝေးသော တိုက်နယ်ကျေး ရွာကြီးတစ်ခုသို့ အလည်ရောက်ရှိ သွားပါသည်။ ထိုရွာတွင် အမဲ သားရသည်ဆို၍ ‘တိုးတိုးသား လား၊ ခိုးပေါ်တာလား’ဟု စုံစမ်း ကြည့်ရာ ‘လိုင်စင်နဲ့ရောင်းပြီး လိုင်စင်နဲ့သတ်တာပါ’ဟု ဆိုပါ သည်။
မြို့နယ်တစ်ခုအတွင်းရှိ တိုက်နယ်ကျေးရွာများရှိ ဈေး များကိုလည်း မြို့နယ်စည်ပင်မှ ပင် အုပ်ချုပ်ပါသည်။ ထိုကျေးရွာ များတွင် ရောင်းချခွင့်ရှိသော အမဲ၊ ကြက်၊ ဝက် စသောသားသတ် လိုင်စင်များကိုလည်း မြို့နယ်စည် ပင်မှပင် လေလံပစ်ခြင်းဖြစ်ပြီး မြို့ပေါ်ဈေးကြီးများ၏ လေလံနှင့် မဆိုင်ဟုဆိုပါ၏။
ဖြစ်ပုံက ထိုကျေးရွာ၌ နွား သတ်လိုင်စင်နှင့် အမဲသားရောင်း ချခွင့်လိုင်စင်ရလာသော ပုဂ္ဂိုလ် က ကျေးရွာအုပ်ချုပ်ရေးမှူးထံ တွင် သားသတ်ခွင့်နေရာသတ် မှတ်ပေးရန် တောင်းဆိုလာရာ မြို့နှင့်လည်းနီး တက္ကသိုလ် ကျောင်းလည်းရှိ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့များလည်း ထွန်းကားသော ကျေးရွာဖြစ်သဖြင့် အုပ်ချုပ်ရေးမှူးမှာ အတော်ပင် အကျပ်ရိုက်ခဲ့ရပါသည်။ သို့နှင့် အုပ်ချုပ်ရေးမှူးက ကျေးရွာအတွင်း ရှိလူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများကို ဖိတ်ကြား၍ အမဲလိုင်စင်ကိစ္စများ ရှင်းလင်းပြောကြားရာ အားလုံးကဝိုင်းဝန်းကန့်ကွက်ကြပါတော့သည်။
သို့သော်လည်း သားသတ် လိုင်စင်ဆိုသည်မှာ မည်သည့် အစိုးရတက်တက်၊ တက်သည့် အစိုးရက အခွန်ငွေရရှိရန် လေလံပစ်မည်ဖြစ်သဖြင့် လူကြီးမင်းတို့ ကျေးရွာအတွင်း မရောင်းချစေလို ပါလျှင် ထိုလေလံကြေးအား ပေး သွင်းမည်ဆိုပါက လေလံအောင် ရန် တာဝန်ယူမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ဖြေရှင်းရတော့ သည်ဟု ဆိုပါသည်။ လေလံကြေး မှာ တစ်နှစ်စာအတွက် ကျပ် ၄၅ သိန်းဖြစ်သဖြင့် နာရေးကူညီမှု အသင်းကလည်း လက်ရှောင် သွားသလို၊ ရပ်မိရပ်ဖများကလည်း မတတ်နိုင်သဖြင့် လက်လျှော့လိုက်ကြရသည်ဟု ဆိုပါသည်။
နောက်ဆုံး၌ ထိုကျေးရွာ အတွင်း အမဲသတ်ရုံပေါ်လာပြီး အမဲသားကို လွတ်လပ်စွာရောင်း ချခွင့်ရှိကာ မြို့ပေါ်မှ အမဲသား စားလိုသူများက ဆိုင်ကယ်တစ် တန်၊ ကားတစ်တန်ဖြင့် လာ ရောက်ဝယ်ယူကြသဖြင့် မြို့ပေါ် ၌ ဆွဲလိုက်သော လိုင်စင်ကြေး သိန်း ၃၀၀ မှာ အလဟဿဖြစ်ရ သလို ယခင်နှစ်က ထိုကျေးရွာ၏ အမဲလိုင်စင်ကြေးမှာ ကျပ် ၁၀ သိန်းခန့်သာရှိသော်လည်း ယခု နှစ်တွင် ၄၅ သိန်းအထိ ဈေးမြင့် သွားသဖြင့် အမဲသားဈေးမှာလည်း တစ်ပိဿာလျှင် ရှစ်ရာ၊ တစ် ထောင်အထိ ဈေးတက်သွားသည် ဟု ဆိုကြပါသည်။
တစ်ဖန် ထိုကျေးရွာရှိ ဆင်း ရဲနွမ်းပါးသော တောင်သူဦးကြီး တစ်ယောက်က သူတို့ရွာသို့ လာ ရောက်ဝေငှသော လက်ကမ်းစာ စောင်လေးတစ်ခုကို ထုတ်ပြပြန် ပါသည်။ ထိုစာရွက်ထဲ၌ အမဲ သားမစားရန် လှုံ့ဆော်ထားပြီး လယ်သမားများအနေဖြင့် မိမိတို့ ခိုင်းစေရန် မွေးမြူထားသော နွား များ အသက်အရွယ်ကြီးရင့်၍ ခိုင်းစေမရတော့ပါက သားသတ် သမားထံသို့ မရောင်းချဘဲ ဘေးမဲ့ လွှတ်ကြရန်လည်း ဖော်ပြထားပါ သည်။
ထိုတောင်သူဦးကြီးက ‘‘တို့ ဆင်းရဲသား လယ်သမားတွေက နွားနဲ့ဖက်ရုန်းရတာပါကွာ.. သတ် တဲ့သူဆီကိုတော့ ဘယ်ရောင်းချင် ပါ့မလဲ.. ဒါပေမဲ့ ဒီနွားလေး ရောင်းလို့ရတဲ့ငွေကို ငွေထပ်ဖြည့် ပြီးမှ နောက်တစ်ကောင်ဝယ်လို့ရ မှာ.. နို့မဟုတ်ရင် ဘာနဲ့သွားလယ် လုပ်ရမှာလဲ.. အခုတောင် နွား ဝယ်တဲ့သူတွေက သားသတ်လိုင် စင်မရှိတော့လို့ဆိုပြီး ဈေးနှိမ်ဝယ် နေတာ။ ဘေးမဲ့ပေးရမယ်ဆိုရင် တော့ ခက်ပြီပေါ့’’ဟု ညည်းတွား ပြောဆိုပြန်ပါသည်။
(ဂ)
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့များနှင့် အမဲလိုင်စင်ဆွဲသောကိစ္စများမှာ လွန်ခဲ့သောနှစ်များက ရခိုင်ပြည် နယ်မှစတင်သော လူမျိုးရေးပဋိ ပက္ခများ၊ အနောက်တံတိုင်းပြိုလဲ ခြင်းကိစ္စများနှင့် ဆက်နွှယ်နေ သော ပြဿနာမျိုးဆက်များပင် ဖြစ်ပါသည်။
ယခုအခါ အမဲလိုင်စင် ပြဿနာကြောင့် ကြက်သားနှင့် အခြားသားငါးဈေးများ မြင့်တက် လာရကြောင်း ထိုမြို့သူမြို့သား တို့က ဆိုကြပါသည်။ ထို့အပြင် အမဲသားမှာလည်း ကျေးရွာများမှ တစ်ဆင့် မြို့ပေါ်သို့ရောက်ရှိနေ ပြန်ပါသည်။ သိန်းရာချီပေးရ သော လေလံကြေးမှာလည်း တစ် နှစ်လွန်လျှင် သက်တမ်းကုန်ပြီဖြစ် ၍ နောင်နှစ်တွေမှာ ထပ်ဆွဲနိုင်ဖို့ လည်း လိုနေပါသည်။ ထိုငွေကို အမဲလိုင်စင်မဆွဲဘဲ တစ်နှစ်လျှင် ဆေးခန်းတစ်ခန်း၊ ကျောင်း ဆောင်တစ်ဆောင် ဆောက်လုပ် လှူဒါန်းသည်က ပို၍အကျိုးရှိ မည်ထင်ကြောင်း ဝေဖန်သူများ လည်းရှိနေကြပါသည်။
သုတ္တနိပါတ်ပါဠိတော်အရ မိဘသဖွယ်ဖြစ်သော ကျွဲ၊ နွားတို့ ကို သတ်ဖြတ်စားသောက်ကြရာမှ ရောဂါများ များပြားလာရပုံကို ကမ္ဘာဦးသမိုင်းနှင့်ချီထောက်ပြခဲ့ သူ၊ နွားမေတ္တာစာနှင့် ဂေါဏမံ သဒီပနီတို့ ရေးသားပြုစုခဲ့သူ၊ လူ ထောင်ပေါင်းများစွာကို ကတိဝန် ခံ၍ ကျွဲ၊ နွားရှောင်ကြဉ်သူများ နိုင်ငံတဝန်းဖြစ်စေခဲ့သူ လယ်တီ ဆရာတော်ကြီး (၁၂၀၈-၁၂၈၅) ၏ နွားသားကိုအလှူခံခြင်းဖြင့် ပတ်သက်၍ မိန့်ကြားပုံကို ကောက်နုတ်ပြလိုပါသည်။
လယ်တီဆရာတော် ပုသိမ် မြို့သို့ ကြွချီခိုက် နွားသားရှောင် ကြဉ်ခြင်းကို ဆန့်ကျင်သူ ပုသိမ်မှ ဦးပဒုမကိုယ်တော်က သူ၏ ဒကာ၊ဒကာမများကိုလွှတ်ကာ ‘နွားသား ကိုသာ အလှူခံလျှင် ကျန်သတ္တဝါ တို့၏အသားကို စားစေရာရောက် သဖြင့် ဆရာတော့်မေတ္တာမျှတပါ ရဲ့လား’ဟု လျှောက်စေခဲ့ပါသည်။ ထိုအခါ ဆရာတော်က ‘အေးဟုတ် တယ်ကွယ့် ငါ့မှာ ဒကာတို့သိတဲ့ အတိုင်း စာရေးရ၊ စာချရ၊ တရား ဟောရနဲ့ သည်ကြားထဲက နွားက လေးတစ်ကောင်လောက်ကိုပဲ အနိုင်နိုင်ဆွဲရတယ်။ ကျန်တဲ့ ဆိတ်၊ ဝက်၊ ကြက်တွေအတွက် ဒကာတို့ဆရာတွေရှိသေးသားပဲ လျှောက်ကြပါ ကောင်းပါတယ်’ ဟု မိန့်တော်မူလိုက်ပါသည်။
လယ်တီဆရာတော်၏ မိန့် ဆိုချက်ကို နာယူခြင်းဖြင့် နွားသား သည်သာမက ကျန်အသားများ မှာလည်း သတ္တဝါတို့အသက်ဇီဝိန် နှင့် မလွတ်ကင်းကြောင်းကို တွေ့ ရှိနိုင်ပါသည်။ လူမျိုးရေး၊ ဘာသာရေးအမုန်းပွားမှုကြောင့် သတ္တဝါတစ်မျိုး၏အသက်ကို ကာကွယ်မည်ဆိုပါက ကျန်သတ္တဝါများ၏အသက်များမှာ အန္တရာယ် ပိုမိုရှိလာနိုင်ကြောင်းကိုလည်း တွေ့မြင်ရပါသည်။
သို့ဖြစ်ပါ၍ အမဲသားကို မိမိ တို့၏ အသိစိတ်ဓာတ်ဖြင့် ကျေး ဇူးရှင်အဖြစ် အသိအမှတ်ပြု၍ မစားဘဲနေခြင်းကသာ သင့်လျော် ဆုံးဖြစ်ပြီး မြန်မာလူမျိုး ဗုဒ္ဓဘာ သာဝင်တို့၏ ထည့်ဝင်ငွေဖြင့် အမဲလိုင်စင်ဆွဲခြင်း၊ နွားများကို ဘေးမဲ့ပေးခိုင်းခြင်းတို့မှာ ရေရှည် တွင် ငွေကုန်လူပန်းဖြင့် အချည်း နှီးဖြစ်စေနိုင်ပါကြောင်း အကြံပြု လိုက်ရပါတော့သည်။
7 Day

0 မှတ်ချက်ပေးရန်:
Post a Comment