Monday, June 30, 2014

ကျပ်သိန်း ၁၀၀၀ အထိ ပြစ်ဒဏ်ချနိုင်သော ကိုယ်ပိုင်တက္ကသိုလ် ဥပဒေကြမ်း ရေးဆွဲပြီးစီး


  သတ်မှတ်စည်းကမ်းချက်များ ဖောက်ဖျက်လျှင် ကျပ်သိန်းငါးရာမှ တစ်ထောင်အထိ ပြစ်ဒဏ်ချမှတ် အရေးယူနိုင်သော ကိုယ်ပိုင်တက္ကသိုလ် ဥပဒေ (မူကြမ်း) နောက်ဆုံးအဆင့်ကို ရေးဆွဲပြီးစီးပြီ ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ် ဥပဒေရေးရာ ဌာနမှူး ဒေါက်တာတင်မေထွန်းက ပြောကြားသည်။

ငွေဒဏ် ကျပ်သိန်းငါးရာမှ တစ်ထောင် သို့မဟုတ် ထောင်ဒဏ် သုံးနှစ်ထက် မပိုသော အရေးယူခြင်းနှင့် ထောင်ဒဏ်၊ ငွေဒဏ် တစ်ပြိုင်တည်း ကျခံနိုင်သော
ပြစ်ဒဏ်များကို ထည့်သွင်းထားသော်လည်း အဆင့်မြင့် ပညာရေး အသိုင်းအဝိုင်းမှ ပညာရှင်များနှင့် ထပ်မံဆွေးနွေးဦးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကိုယ်ပိုင်တက္ကသိုလ်များ မှတ်ပုံတင်ရာတွင် မတည်ငွေရင်း၊ ကျောင်းတည်နေရာ၊ သင်ကြားမည့် ဘာသာရပ်များနှင့် တက္ကသိုလ်နှင့် လိုက်လျောညီထွေမှု ရှိ၊ မရှိခြင်း လိုအပ်ကြောင်း၊ မှတ်ပုံတင် သက်တမ်းကို ၅ နှစ်အထိ ပေးမည်ဖြစ်ပြီး သုံးနှစ်တစ်ကြိမ် သက်တမ်းထပ်တိုးရန် ရှိ၊ မရှိ အကြောင်းကြားရန် သတ်မှတ်ထားကြောင်း ဒေါက်တာတင်မေထွန်းက ဆိုသည်။

အဆိုပါ ပုဂ္ဂလိက ဒီဂရီကောလိပ်နှင့် တက္ကသိုလ်များ စီမံကွပ်ကဲရေးအတွက် အမျိုးသားပညာရေး ကော်မရှင်က တာဝန်ယူရန် လျာထားကြောင်း၊ ကိုယ်ပိုင်တက္ကသိုလ် ဥပဒေသည် ပြည်တွင်းလုပ်ငန်းရှင်များသာမက နိုင်ငံခြားသားများ အတွက်လည်း အကျုံးဝင်ကြောင်း အဆင့်မြင့်ပညာ အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။

“အမျိုးသားပညာရေး ကော်မရှင်ကိုလည်း အသစ်ပြန်လုပ်နေပါတယ်။ အရင်အဟောင်းအတိုင်း သွားမှာ မဟုတ်ဘူး။ အမျိုးသားပညာရေး ဥပဒေထဲမှာ အတည်ပြုရင် အဲဒီအတိုင်းပဲ ဖွဲ့စည်းသွားမှာ” ဟု အဆင့်မြင့်ပညာရေး ဦးစီးဌာန (အောက်မြန်မာပြည်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က The Voice သို့ ဆိုသည်။

အမျိုးသားပညာရေး ကော်မရှင် တစ်ခုတည်းမှ တက္ကသိုလ်မှတ်ပုံတင်နှင့် စီမံခန့်ခွဲမှုကိစ္စများ တာဝန်ယူ လုပ်ကိုင်မည်ဆိုလျှင် အချိန်ကြန့်ကြာမှုများ ရှိလာနိုင်ကြောင်း၊ တက္ကသိုလ်များ စီမံကွပ်ကဲရေးအတွက် မြို့နယ်အလိုက် ကွန်ရက်များ ဖြန့်ကြက်ထားမှသာ လုပ်ငန်းပြီးစီးမှု လျင်မြန်ကြောင်း နိုင်ငံတကာ ပုဂ္ဂလိကကျောင်း ILBC တည်ထောင်သူ ဦးတင်မောင်ဝင်းက ပြောဆိုသည်။

“နောက်ပြီး သိန်း ၅၀၀၊ ၁၀၀၀ ပြစ်ဒဏ်မျိုး မကြားဖူးဘူး။ ကျောင်းမှတ်ပုံတင်တဲ့ သူတွေအတွက် ဒီလောက်များရင် ဘယ်သူမဆို အခက်အခဲတော့ ရှိနိုင်တာပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိ ရေးဆွဲထားပြီးသော ကိုယ်ပိုင်တက္ကသိုလ် ဥပဒေ (မူကြမ်း) တွင် အခန်း ၁၃ ခန်း ပါဝင်သည်။

The Voice Weekly

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons